မူဆယ် ဩဂုတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊မူဆယ်မြို့၊စွမ်စော်ကျောင်းတွင် ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုစက်ချုပ်သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ ဆက်လက်ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ အပေါင်း အသင်းမမှားစေရန်၊ အနာဂတ်တွင် တိုင်းချစ်ပြည်ချစ်မျိုးချစ်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ လိမ္မာရေးခြားရှိလာစေရန် ရည်ရွယ်၍ မူဆယ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မူဆယ်ခရိုင်မှူး ဒေါ်တင်တင်စိန်က တက်ရောက်လာသော ကျောင်းသူ/သားများကို ကလေးသူငယ်အခွင့်အရေး (၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်အကြောင်းအရာများ၊ ကလေးသူငယ်များရရှိနိုင်မည့် အခွင့်အရေးအကြောင်းအရာများ၊ ကလေးသူငယ်များအတွက် မြန်မာနိုင်ငံမှ CRC အကောင် အထည်ဖော်ဆောင်ရွက်မှုအကြောင်းများ၊ ကလေးသူငယ်များ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်မှုများရှိလာခဲ့လျှင် မိမိတို့ကာကွယ်စောင့်ရှောက်ရမည့် တာဝန်ဖြစ်ကြောင်း၊ ကလေးသူငယ်များ အသက်(၁၄) နှစ်မပြည့်မီ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခံရခြင်းများရှိပါက ခိုင်းစေသူများခံရမည့် ငွေကြေးဒဏ်၊ ကျခံရမည့် ထောင်ဒဏ် ပုဒ်မအကြောင်းအရာများနှင့် ကလေးသူငယ်များနှင့်သက်ဆိုင်သည့် ပုဒ်မအကြောင်းအရာများ၊ ကျောင်းသူ/သားများ မူးယစ်ဆေးဝါးများကိုလည်း စမ်းသပ်ပြီးမလုပ်ကြရန်၊ သက်ကြီးရွယ်အိုများ ခံစားရရှိနိုင်သည့် အခွင့်အရေးများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီ တာဝန်ဝတ္တရားများ၊ သက်ကြီးရွယ်အိုများအတွက် ပြဌာန်းထားသော ဥပဒေအကြောင်းအရာများ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများ အခြေခံစားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များနှင့် အစည်းအရုံးများတွင် ပါဝင်ဆောင်ရွက်ခွင့်အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းမှ သင်တန်းကျောင်းအုပ် ဒေါ်နန်းစောရင်က နွေရာသီကျောင်းပိတ်ရက်များတွင် ဝါသနာပါသော ကျောင်းသူလေးများ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခမဲ့စက်ချုပ်သင်တန်း တက်ရောက် နိုင်ကြောင်းနှင့် မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းဆိုင်ရာ အချက်အလက် ဓာတ်ပုံမှတ်တမ်းများကို ရှင်းလင်းပြောကြားပြသခဲ့သည်။ ယင်းနောက် မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးက တက်ရောက်လာသော ကျောင်းသူ/သားများကို အသိပညာ၊ အတတ်ပညာအကြောင်းအရာများကို ဟောပြောကာ ကျောင်းသူ/သားများနှင့် အမေးအဖြေများလည်း ပြုလုပ်ပြီး ဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲကို သက်ဆိုင်ရာ တာဝန်ရှိ ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/မ များ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)