မိုင်းရယ် ဩဂုတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါက်တာသန်းသန်းဆွေ (မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး(အငြိမ်းစား))တို့ ပူးပေါင်း၍ မိုးရာသီတွင် အဖြစ်များသည့် သွေးလွန်တုတ်ကွေးရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စကားပုံဆက်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုပေးပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောရာတွင် ဒေါက်တာသန်းသန်းဆွေက သွေးလွန်တုတ်ကွေးရောဂါသည် ခြင်ကျားကိုက်ခြင်းမှ ဖြစ်ပေါ်တတ်သည့် အဖျားတစ်မျိုး ဖြစ်ကြောင်းနှင့် အသက်အရွယ်မရွေး ဖြစ်ပွားတတ်ကြောင်း၊ ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများနှင့် ဖြစ်ပွားပါက ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မှီ သွားရောက်ပြသ၍ ဆေးကုသခွင့် ယူသင့်ကြောင်းနှင့် မိမိတို့ စာသင်ကျောင်း၊ အိမ်များတွင် ဖုံး၊ သွန်၊ စစ်၊ လဲ လုပ်ငန်းများကို စနစ်တကျဆောင်ရွက်သင့်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့်လည်း သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မာလာက ကျောင်းသား/သူများအား သွေးလွန်တုတ်ကွေးရောဂါဆိုင်ရာ သိသင့်သိထိုက်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။
ယင်းနောက် ဒေါက်တာသန်းသန်းဆွေနှင့် ဒေါ်ခင်မာလာတို့က စကားပုံဆက်ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများကို ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအလယ် တန်းကျောင်း၊ မူလွန်(တပ်တွင်း)နှင့် မူလွန်(၁)ကျောင်းတို့မှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြသည်။
မိုင်းရယ် (ပြန်/ဆက်)