ဟိုပုံး ဩဂုတ် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းပါ ခေတ်မီစံပြကျေးရွာအကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျောက်တန်းခေတ်မီစံပြကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက အဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်မှုနည်း ပညာသင်တန်း၊ အခြေခံလျှပ်စစ်သွယ်တန်းနည်းပညာသင်တန်းနှင့် ယခုဖွင့်လှစ်တဲ့ အခြေခံစက်ချုပ် နည်းပညာသင်တန်းများကို စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခုဖော်ဆောင်ပေးခြင့် အသေးစား၊ အငယ်စားစီးပွားလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ခေတ်မီစံပြကျေးရွာများရှိ ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားစေရန်၊ အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့် ပြည်သူများဝင်ငွေတိုးပွားစေရန်၊ ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြည်လည်ထူထောင်ပေးနိုင်စေရန်၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုနည်းပညာများပံ့ပိုးပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘိန်းအစားထိုးကုန်ထုတ်လုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေပြီး ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုရရှိစေရန်နှင့် အသိပညာဗဟုသုတများဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဟိုပုံးမြို့နယ် ကျောက်တန်းခေတ်မီစံပြကျေးရွာမှာ အကောင်အထည်ဖော်မည့် လုပ်ငန်းကတော့ ကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေးလုပ်ငန်းခေါင်းစဉ်နဲ့ ကျောက်တန်းခေတ်မီစံပြ ကျေးရွာမှာရှိတဲ့ ဒေသခံများအနေဖြင့် မိမိနှင့်မိသားစုဝင်များအတွက် ဝတ်ဆင်သောအဝတ်အထည်များကို မိမိကိုယ်တိုင်ချုပ်လုပ်ဝတ်ဆင်နိုင်ရန်၊ အခြားဝတ်ဆင်သူများ၏ အဝတ်အထည်များကို ချုပ်ခယူ၍ ချုပ်လုပ်ပေးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် အမျိုးသမီးများ အိုးမကွာအိမ်မကွာဖြင့် ဝင်ငွေရှာဖွေနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်ထူးက သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးစိုးနိုင်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းနှင့် တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများအားလှည့်လည် ကြည့်ရှုခဲ့ကြသည်။ အဆိုပါသင်တန်းကို ဩဂုတ်လ(၂၂)ရက်နေ့မှ စက်တင်ဘာလ(၂၀)ရက်နေ့အထိ သင်တန်းသား၊ သင်တန်းသူများဖြင့် စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)