ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား သြဂုတ် ၂၄

ကချင်ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ကဦးဆောင်၍ မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြည်နယ်အစိုးရဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

ရှေးဦးစွာ နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဗဟိုခန်းမ၌ ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့က ဦးဆောင်ကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းပင် ဖြစ်ပါကြောင်း၊ “အဂတိဖယ်ခွာပြည်သာယာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူ့အဖွဲ့အစည်းအတွင်း အဂတိကင်းစင်စေရန် နိုင်ငံဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများသာမက အများပြည်သူနှင့်သက်ဆိုင်သည့်အတွက် အားလုံးကပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ဟောပြောပွဲမှ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် အသိပညာရရှိနိုင်မည်ဖြစ်သကဲ့သို့ အဂတိလိုက်စားမှုပပျောက်ရေးလုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်းက ဟောပြောပွဲနှင့်စပ်လျဉ်း၍ ကျောင်းသား/ ကျောင်းသူများ လိုက်နာမှတ်သားသင့်သည်များနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်၊ ပြည်နယအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးဦးနေထွန်းအောင်က အဂတိလိုက်စားမှုဖြစ်ပေါ်နိုင်သည့် အခြေအနေများနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အဖွဲ့ဝင်ပြည်နယ်ဥပဒေအရာရှိက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါအကြောင်းအရာများနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကိုလည်းကောင်း တက္ကသိုလ်ဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများအား ဆွေးနွေးဟောပြောပေးခဲ့ကြပြီး မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း သီးထပ်စွမ်းအားတိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စိုက်ပျိုးစွမ်းအားတိုးတက်မြှင့်မားလာစေရေးအတွက် လယ်ယာမြေများတွင် မိုးစပါး၊ နွေးစပါး၊ ဆီထွက်သီးနှံများအပြင် တစ်နှစ်လျှင် နှစ်သီးမှ သုံးသီးစိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများအား တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် ရေအရင်းအမြစ်၊ သွင်းအားစုများနှင့် စိုက်ပျိုးနည်းပညာများကို မိမိတို့အနေဖြင့် ဖြည့်ဆည်းပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုနှစ် မိုးစပါးအပြီး သီးထပ်သီးညှပ်များ အချိန်မီစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး မဖြစ်မနေအလေးထားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေခွဲဝေသုံးစွဲနိုင်ရေးသည် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် အားလုံးကဝိုင်းဝန်းဆွေးနွေးကြရန်လိုကြောင်း တိုက်တွန်းမှာကြာသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးမျိုးဆွေက အမှန်တကယ်စိုက်ပျိုးအကောင် အထည်ဖော်နိုင်မည့် မြေယာအရေအတွက်နှင့် သီးထပ်စိုက်ပျိုးနိုင်မှုအခြေအနေများကို စနစ်တကျ စီမံချက်ရေးဆွဲပြီး ဌာနဆိုင်ရာအချင်းချင်းပေါင်းစပ်၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ရေးဆွဲတင်ပြနိုင်ရေး ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက ငါးသိန်းလျာထားစိုက်ပျိုးနေမှု အခြေအနေအပေါ် သီးထပ်စိုက်ပျိုးနိုင်သည့် လယ်ယာမြေအခြေအနေများ၊ ရိုးပြတ်ကျန်လယ်မြေများနှင့် ဒုတိယသီးနှံစိုက်ပျိုးခြင်းမရှိသည့် ကျေးရွာများကို ရွေးချယ်၍ စံပြစိုက်ကွက်များအဖြစ် နှစ်အလိုက်တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံချက်ရေးဆွဲဆောင်ရွက်သွားမည့် အစီအစဉ်များ၊ စိုက်ပျိုးရေနှင့်သွင်းအားစုများ လုံလောက်စွာဖြည့်ဆည်းပေးနိုင်ရေးနှင့် ရန်ပုံငွေသုံးစွဲမှုများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနှင့်အညီနှစ်အလိုက် လျာထားရေးဆွဲနိုင်ရေးစသည်တို့ကို အသီးသီးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်အတွင်းမြို့နယ်ပေါင်း(၇)မြို့နယ်မှ မိုးစပါးစံပြစိုက်ကွက်ဧရိယာဧက ၁၀၀၀ ကျော်တွင် မိုးစပါးအပြီး ဆောင်းရာသီဒုတိယသီးနှံ အကွက်ကျယ် စံပြစိုက်ကွက်များအဖြစ် သီးထပ်သီးညှပ်များတိုးချဲ့ စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်