ဝေါမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

ဝေါ ဩဂုတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၂ ရက်နေ့ နံနက် (၁၀)နာရီက ဝေါမြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဦးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်ပတ်သက်၍ ရည်ရွယ်ချက်နှင့်ရည်မှန်းချက်များ၊ ကလေးသူငယ်၏အကောင်းဆုံးအကျိုးစီးပွားများ၊ ကလေးသူငယ်၏အခွင့်အရေးများ၊ ကလေးသူငယ်ကိုမွေးစားခြင်းဆိုင်ရာများ၊ အလုပ်လုပ်ကိုင်စေခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းဆိုင်ရာများစသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူးဒေါ်ခိုင်ခိုင်ဦးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေများနှင့်ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးသူငယ်များအား အကြမ်းဖက်ခြင်းဆိုင်ရာများ၊ CRC ဖွဲ့စည်းဆောင်ရွက်မှု၊ ယခင် ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေနှင့် (၂၀၁၉)ခုနှစ်တွင် ကလေးသူငယ်အသက်ကို (၁၈)နှစ်အောက်သတ်မှတ်ခြင်းနှင့် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားကို ဆောင်ရွက်ရန်နှင့် ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီရရှိခံစားနိုင်ရေးအတွက် ကာကွယ်စောင့်ရှောက်ရန်၊ လျစ်လျူရှုခြင်း၊ အလွဲသုံးခြင်း၊ ရက်စက်ယုတ်မာခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းခံရသော ကလေးသူငယ်များအား နိုင်ငံတော်၊ စေတနာ့ဝန်ထမ်းပုဂ္ဂိုလ်နှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများက ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်မှုခင်းကို သီးခြားစစ်ဆေးစီရင်၍ ပြစ်မှုကျူးလွန်သော ကလေးသူငယ်၏ အကျင့်စာရိတ္တပြုပြင်ရေးကို ဦးတည်ဆောင်ရွက်ရန်စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက သိရှိလိုသည့်အချက်များအားမေးမြန်းမှုကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း (ပြန်/ဆက်)