၂၀၂၃-ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တိုင်းမှူး တက်ရောက်

မော်လမြိုင်  သြဂုတ်  ၂၃

မွန်ပြည်နယ်တွင် အများပြည်သူများ အသက်အရွယ်မရွေး အားကစားကို လေ့လာလိုက်စား၍ အားကစားနည်းအလိုက်  ဆောင်ရွက်နိုင်စေရေးနှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍  ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို သြဂုတ် ၂၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အားကစားခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာခြင်းလုံးခတ် အားကစားနည်းသည် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ပေါ်ပေါက်ခဲ့ပြီး အလွန်ပင်ရှေးကျသော အားကစားနည်း တစ်ရပ်ဖြစ်ကြောင်း၊ အားကစားနည်းများကို ယခုအချိန်ထိ လက်ဆင့်ကမ်း သယ်ဆောင်လာကြပြီး တိုးတက်အောင် လုပ်ဆောင်ခဲ့ကြသူများကို လေးစား ချီးကျူးမိပါကြောင်း၊ ခြင်းလုံးအားကစားနည်းသည် ငွေကြေးအကုန်အကျသက်သာပြီး လွန်စွာမှအကျိုးရှိသည့် စည်းလုံးညီညွတ်မှု စွမ်းအားကို ပေးစွမ်းနိုင်သော အားကစားနည်း တစ်ခုဖြစ်ကြောင်း၊ မွန်ပြည်နယ် ရိုးရာခြင်းလုံး  အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအထူးအာရုံစိုက်ပြီး ဆောင်ရွက်ပေးကြရန်၊ ပြိုင်ပွဲဝင် အားကစား သမားများကလည်း ချမှတ်ထားသည့် စည်းမျဉ်း/စည်းကမ်းဘောင် အတွင်းက ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစား သစ္စာအဓိဌာန်ရွတ်ဆို၍ ကွင်းအတွင်းမှပြန်လည်ထွက်ခွာပြီး ရိုးရာခြင်းလုံးအဖွဲ့မှ သရုပ်ပြသနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေပေး အပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ၂၀၂၃ ခုနှစ် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)မြို့နယ် ရိုးရာခြင်းလုံးပြိုင်ပွဲကို သြဂုတ် ၂၃ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)