သုံးခွ အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၅)အုပ်စုတို့၌ စိုက်ပျိုးထားသော မိုးစပါးများမှာ ရင့်မှည့်လာ၍ အောက်တိုဘာပထမပတ်မှ စတင်ကာ စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းလျက်ရှိကြောင်း သိရှိရသည်။
စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် အသုံးပြုရိတ်သိမ်းသဖြင့် အချိန်ကုန်အလုပ်သက်သာခြင်း၊ စရိတ်သက်သာခြင်း၊ စပါးအလေအလွင့်နည်းပါးခြင်း၊ လုပ်သားရှားပါးမှုအတွက် ပူပင်စရာမလိုခြင်း၊ ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးရန် အချိန်မီရိတ်သိမ်းနိုင်ခြင်း၊ တလင်းပျောက် စနစ်ဖြင့် ရိတ်သိမ်းခြွေလှေ့နိုင်ခြင်း၊ စျေးကွက်အတွင်းစပါးများချက်ချင်း ရောင်းချနိုင်ခြင်း တို့ကြောင့် စပါးရိတ်စက်များကိုအားကိုးအားထားပြုရိတ်သိမ်းနေရကြောင်းသိရှိရသည်။
သုံးခွမြို့နယ်တွင်မ နောသုခ၊ဆင်းသုခ၊ရွှေမန်း၊ရွှေဝါထွန်း၊ရာကျော်၊ ပေါ်ဆန်းရင်စပါးမျိုးများကို စိုက်ပျိုးကြပြီး၂၀၁၉-၂၀၂၀ မိုးစပါးစိုက်ပျိုးရာသီတွင် စိုက်ပျိုးခဲ့သောမိုးစပါးများမှာ ပိုးမွှား အန္တရာယ်ကင်းစင်မှု၊ ရာသီဥတုကောင်းမွန်မှုတို့ကြောင့် အောင်မြင်ဖြစ်ထွန်းကောင်းမွန် ကြောင်း သိရှိရပြီး သုံးခွမြို့နယ်တွင် မိုးစပါးဧက(၁၅၃,၅၈၀) စိုက်ပျိုးထားကြောင်းသိရှိရသည်။
အဆိုပါ စပါးရိတ်သိမ်းနေမှုအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးတင်မြင့်အောင်နှင့်အဖွဲ့က ယမန် နေ့ မွန်းတည့်(၁၂)နာရီကအောင်ပန်းစိန်ကျေးရွာ၊ မှိုကုန်းသာကျေးရွာသို့ ကွင်းဆင်း၍ တောင်သူ များ မိုးစပါးများရိတ်သိမ်းနေမှုအားကြည့်ရှု့အားပေး ခဲ့ကြောင်းသိရှိရသည်။
စည်သူလင်း ပြန်/ဆက်