အောက်တိုဘာလတွင် တရုတ်နိုင်ငံ၏ နံပါတ်(၁) ကန်တုံသွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲကြီးကို ကျင်းပမည်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင်များအား ဖိတ်ခေါ်

ရန်ကုန် သြဂုတ် ၂၃

၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ Guangdong ပြည်နယ်၊ Canton Fair Complex တွင် (၁၃၄)ကြိမ်မြောက် ကန်တုံသွင်း ကုန်ပို့ကုန်ကုန်စည်ပြပွဲကြီး   (China Import and Export Fair) ကို ကျင်းပသွားမည်ဖြစ်ရာ ယမန်နေ့ ဩဂုတ်လ (၂၂)ရက်နေ့တွင် ကန်တုံကုန်စည်ပြပွဲ အကြိုမိတ်ဆက် အခမ်းအနား (Promotion Conference of the 134th Canton Fair) ကို ရန်ကုန်မြို့ Wyndham Grand Hotel ၌ ကျင်းပခဲ့သည်။

ကန်တုံနိုင်ငံတကာကုန်စည်ပြပွဲကြီးသည် တရုတ်နိုင်ငံ၏ ကုန်စည်ပြပွဲများအနက် နံပါတ်(၁) ကုန်စည်ပြပွဲကြီး ဖြစ်ပြီး၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာကုန်သွယ်ရေးမှာ အရေးပါသည့် ပြတင်းပေါက်ဖြစ်သည့်အပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးမှာ အရေးပါလျက်ရှိသည်။ နိုင်ငံတကာ မှ Supplier နှင့် Buyer များအကြား ချိတ်ဆက်ပေးသည့် Platform တစ်ခုဖြစ်သည်။

(၁၃၄)ကြိမ်မြောက် ကန်တုံကုန်စည်ပြပွဲကို Online/Offline ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြခန်းပေါင်း (၇၄,၀၀၀)ခန့်ပါဝင်ကာ နိုင်ငံတကာ အရည်အသွေးကောင်းမွန်သည့် ကုန်ပစ္စည်းများကို ပြသသွားမည် ဖြစ်သည်။ အထူးသဖြင့် စွမ်းအင်သုံးကား၊ လယ်ယာထွက်ကုန်ပစ္စည်း၊ စက်နှင့် လျှပ်စစ်ပစ္စည်း၊ အိမ်အသုံးအဆောင်ပစ္စည်း၊ နည်းပညာဆိုင်ရာ ဆက်စပ်ပစ္စည်းစသည်တို့ကို ပြသသွားမည်ဖြစ်သည်။

ယမန်နေ့ကျင်းပသည့် 134th Canton Fair မိတ်ဆက်အခမ်းအနားတွင် ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအေးထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး(ရန်ကုန်)မှ စီးပွားရေးသံမှူး Mr. Quyang Daobing, မြန်မာ-တရုတ်ကုန်သည်များအသင်းချုပ် ဥက္ကဋ္ဌ ဦးအိုက်ထွန်းတို့မှ အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။

ပြပွဲသို့ RCEP အဖွဲ့ဝင်နိုင်ငံများ၊ ဖွံ့ဖြိုးပြီးအင်အားကြီးနိုင်ငံများလည်းပါဝင်ပြီး မြန်မာကုမ္ပဏီများ လည်းအများ အပြားပါဝင်ပြသစေချင်ကြောင်း ယမန်နေ့အခမ်းအနားတွင် တရုတ်နိုင်ငံခြားကုန်သွယ် ရေးစင် တာမှ ဒုတိယဥက္ကဋ္ဌ Mr. Zhang Sihong က ဖိတ်ခေါ်ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဆိုင်ရာ ရေပန်းစားသည့် ဆွေးနွေးပွဲများ၊ ဖိုရမ်များ၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲအစီအစဉ် များကို ကျင်းပသွားမည်ဖြစ်ပြီးမြန်မာ့ထုတ်ကုန်များ ပါဝင်ပြသခြင်းဖြင့် တရုတ်-မြန်မာကုန်သွယ်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်သည့်အပြင်တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပိုမိုတိုးတက်ရေး၊ စီးပွားရေးအခွင့်အလမ်းများ ဖော်ဆောင်နိုင်မည်ဖြစ်သည်။

အခမ်းအနားတွင် Guest of Speaker အဖြစ် ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အောင်သိန်းမှ Canton Fair အတွေ့အကြုံများကို မျှဝေခဲ့သည်။

ထို့အပြင် Online Canton Fair Platform လည်းဖွင့်လှစ်ထားရှိပြီး နိုင်ငံတကာဝယ် လက်များ အနေဖြင့် နေ့စဉ်ဝင်ရောက် အရောင်းအဝယ်များပြုလုပ်နိုင်ကြောင်း သိရှိရသည်။

ပြပွဲအသေးစိတ်ကို www.cantonfair.org.cn တွင်ဝင်ရောက်လေ့လာနိုင်ပြီး ဖိတ်ခေါ်ထား ကြောင်းသိရသည်။

ကျော်ဆန်းမြင့်