ဇမ္ဗူသီရိမြို့နယ်၌ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ" လူငယ်စကားဝိုင်း ကျင်းပ

ဇမ္ဗူသီရိ ဩဂုတ် ၂၃

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် "အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ" လူငယ်စကားဝိုင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်ဦးဝင်းတည်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ စကားဝိုင်းတွင် ကော်မရှင်အဖွဲ့ဝင်ဦးဝင်းတည်က အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ကြရေးအတွက် ရှေ့လုပ်ငန်းစဉ်များချမှတ်ပြီး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည်အရေးကြီးပါကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်တွင်လူကြီးများ ဖြစ်လာမည့်အတွက် ယခုကစ၍ ပညာအခြေခံကောင်းပြီး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်မှသာ မျိုးဆက်သစ်များအတွက် ကောင်းမွန်သည့် အသိုက်အဝန်းတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်ပါကြောင်း၊  အဂတိလိုက်စားမှုကို လူငယ်များအနေဖြင့် ငယ်စဉ်ကပင် ကိုယ်ပိုင်အသိဉာဏ်ဖြင့် သင်ကြားသိမြင်လာခြင်းဖြင့် ကောင်းမွန်သည့်အလေ့အထများ ရရှိလာမှာဖြစ်ပါကြောင်း၊ လူငယ်များအနေဖြင့် အဂတိတရား(၄)ပါးနှင့်သက်ဆိုင်သည့် ကျင့်ဝတ်လိုက်နာရန် အရေးကြီးသလို ဖြောင့်မတ်တည်ကြည်မှုရှိရမည်ဖြစ်ကြောင်း၊ ဖြောင့်မတ်တည်ကြည်ဖို့အတွက် မိမိကိုယ်တိုင်က အစပြုလိုက်နာကြပါလို့ ပြောကြားလိုပါကြောင်း၊ ယခုလူငယ်စကားဝိုင်း ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးသည့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံးကို မိမိတို့ကော်မရှင်မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် လူငယ်တို့၏အခန်းကဏ္ဍ" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်နီလာစိုးနှင့်အတူ ကျောင်းသား၊ ကျောင်းသူ ၃ ဦးတို့က အဂတိလိုက်စားမှု အဓိပ္ပါယ်၊ အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး မိမိရဲ့ပတ်ဝန်းကျင်မှာ တွေ့ရှိရတဲ့ အတွေ့အကြုံများ၊ အဂတိလိုက်စားမှုဆိုတာ လူငယ်တွေရဲ့ အနာဂတ်အပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှု ရှိသလဲ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရာမှာ လူငယ်တွေအနေနဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲ၊ လူငယ်နှင့် ဖြောင့်မတ်တည်ကြည်မှုစသည့် ကဏ္ဍများအား အသီးသီး ဆွေးနွေးခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်း ဆွေးနွေး ပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ပါသည်။ 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်/စာစောင်များ၊ အသိပညာပေးနံရံကပ်ပြဘုတ်များအား စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင် (ပြန်/ဆက်)