ရမ်းဗြဲမြို့၊ အ.ထ.က ပုလုပ်တောင်ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ရမ်းဗြဲ   ဩဂုတ်   ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နေ့လယ်(၂)နာရီက  အ.ထ.က ပုလုပ်တောင်ကျောင်းရှိ  ဦးဥတ္တမခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်ပညာရေးဌာနမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး အ.ထ.က ပုလုပ်တောင်ကျောင်းအုပ်ဆရာကြီး ဦးဉာဏ်မြင့်က အမှာစကားပြောကြားသည်။

၎င်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကိုဆက်လက်ပြုလုပ်ရာ G-11 (A)မှ မောင်ဘုန်းသစ်ကိုကို၊ မမီမီအောင်၊ မအေးမြတ်မွန်တို့က လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ G–11(B)မှ မခင်စိုးဝင်း၊ မမေရီစိုး၊ မလင်းလင်းဝင်းတို့က လူငယ်နှင့်ယဉ်ကျေးမှု  ခေါင်းစဉ်ဖြင့်လည်းကောင်း၊  G–11(C)မှ မောင်ဝေလွင်ထွန်း၊ မချိုချိုဝင်း၊ မဇော်မွန်မြတ်တို့က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ၊ ဂျာနယ်စာစောင်များ၊ ဝတ္တုစာအုပ်များ၊ ရုပ်ပြစာအုပ်များကို ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 

အောင်တင်ကြည်(ပြန်/ဆက်)