ကျောက်ဖြူမြို့၌ ခရိုင်တွင်း(၄)မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ကျောက်ဖြူ  ဩဂုတ်  ၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး ကျင်းပသော ခရိုင်တွင်း(၄)မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲနှင့် ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့မအားကစား ဘောလုံးကွင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်အား/ကာမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ပညာရေးကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများနှင့် အားကစားဝါသနာရှင်ပြည်သူများမှ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးကြသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများမှ အားကစားကွင်းအတွင်း နေရာယူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အလေးပြုကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက်ရွတ်ဆိုကြသည်။ ယင်းနောက်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အသင်းအုပ်ချုပ်သူများကို လိုက်လံနှုတ်ဆက် အားပေးစကားများပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများမှ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာကာ ကျောက်ဖြူခရိုင် Old Lady Dancers Club အဖွဲ့မှ Physical Fitness Dance အကများဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍  ခရိုင်တွင်း(၄)မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲအား စတင်ကျင်းပရာ မာန်အောင်မြို့နယ်အသင်းနှင့် ကျောက်ဖြူမြို့နယ် အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး မာန်အောင်မြို့နယ်အသင်းက ကျောက်ဖြူမြို့နယ်အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ အလားတူ ဩဂုတ် ၂၂ ရက်နေ့ နံနက် ၉ နာရီက အမျိုးသမီးဘော်လီဘောပြိုင်ပွဲအား စတင်ကျင်းပရာ ကျောက်ဖြူမြို့နယ်အသင်းနှင့် အမ်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကြပြီး အမ်းမြို့နယ်အသင်းက ကျောက်ဖြူမြို့နယ် အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရခဲ့သည်။

အဆိုပါ ခရိုင်တွင်း(၄)မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲတွင် ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်(၄)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၈)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်လျှက်ရှိပြီး ပြိုင်ပွဲကာလမှာ ဩဂုတ်လ (၂၁)ရက်နေ့မှ (၂၉)ရက်နေ့အထိ (၉)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)