ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်နေသည့် ကာလအတွင်း စေတနာရှင် အလှူရှင်များမှ အောက်စီဂျင်စက် (Oxygen Concentrator) (၅)လုံးနှင့် အခြေခံစားသောက်ကုန်များအား ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် မိုးကုတ်မြို့နေ အလှူရှင် ဦးဒါဝိဒ်+ဒေါ်ချိုချိုသိန်း မိသားစုမှ ဆိပ်ကြီးခနောင်တို မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ထံသို့ အောက်စီဂျင်စက် Oxygen Concentrator (၅)လုံး စုစုပေါင်းတန်ဘိုးငွေကျပ် ၃၁၅၀၀၀၀/- ကိုပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းနှင့် ကော်မတီဝင် များက လက်ခံရယူကြသည်။ ဆက်လက်၍ ၎င်းအလှူရှင်များမှ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာန ဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် စည်ပင်သာယာရေး ဝန်ထမ်းများ၏ အိမ်ထောင်စု(၁၂၆)စုနှင့် ဦးထွန်းအိုရပ်ကွက်ရှိ အိမ်ခြေ (၆၅၀)အတွက် တစ်အိမ်လျှင်ငွေကျပ်(၁၄၃၀၀/-) တန်ဘိုးရှိဆန်(၈)ပြည်၊ ဆီ(၁)ပိဿာ၊ ဆား(၂)ထုပ် စသည့်လှူဒါန်းမှုစုစုပေါင်း တန်ဘိုးငွေကျပ်(၁၁၀၉၆၈၀၀/)ရှိ အခြေခံ စားသောက် ကုန် များအား အဆိုပါ ဌာနဆိုင်ရာများမှတာဝန်ရှိ သူများနှင့် ရပ်ကွက် အိမ်ထောင်စုများထံ ကိုယ်တိုင် ပေးအပ် လှူဒါန်းခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်း စက်ဘီးရောင်းဝယ်ရေး(Group)မှလည်း ခနောင်တို အရှေ့ရပ်ကွက်ရှိ အိမ်ခြေ (၄၅၀) အတွက် တစ်အိမ်လျှင် ငွေကျပ်(၄၉၅၀/-)တန်ဘိုးရှိဆန်(၂)ပြည်၊ ဆီ(၅၀)သား၊ ဆပ်ပြာ(၂)တောင့်၊ကြက်သွန်နီ (၂၅) ကျပ်သားနှင့် Mask (၅)ခု လှူဒါန်းမှု စုစုပေါင်း တန်ဘိုးငွေကျပ်(၂၂၂၇၅၀၀/) တန်ဘိုးရှိ အခြေခံစားသောက်ကုန်များအား ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုများထံ ကိုယ်တိုင်သွား ရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရ သည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)