မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်

မဟာအောင်မြေ    ဩဂုတ်    ၂၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာရေးဆရာများအသင်း ဥက္ကဋ္ဌ စာရေးဆရာမကြီး ဒေါ်ခင်ခင်ဝင်းနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် စာရေးဆရာကြီး၊ ဆရာမကြီးများပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန  (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်း ဆောင်ရွက်ရာတွင် စာရေး ဆရာများအသင်း ဥက္ကဋ္ဌ စာရေးဆရာမကြီးဒေါ်ခင်ခင်ဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာ ကိုယဉ်ချစ်(မန္တလေး)မှ စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့်ပတ်သက်၍ မုဒိတာစကားပြောကြားခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းကလည်း စာအုပ်၊ စာပေတွေနဲ့အမြဲထိတွေ့နေမှသာလျှင် အမှားအမှန်ဝေဖန်နိုင်ပြီး မိမိတို့လိုရာခရီးကို အလွယ်တကူ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း စသည့်ရည်ရွယ်ချက်များအား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

အဆိုပါ စာဖတ်ဝိုင်းတက်ရောက်လာသော (Book Club) အဖွဲ့ဝင် စာရေးဆရာ ဆရာကြီး၊ ဆရာမကြီးမှလည်း အမွေးခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်တွင် ပါရှိသည့် ဆောင်းပါး(၄၅)ပုဒ်အား အသီးသီးဆွေးနွေးခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ မြို့နယ်စာရေး ဆရာများအသင်းဥက္ကဋ္ဌ စာရေးဆရာမကြီးဒေါ်ခင်ခင်ဝင်း၊ စာရေးဆရာအသင်း ဒုဥက္ကဋ္ဌ စာရေးဆရာမကြီး ဒေါ်ယဉ်ယဉ်နုနှင့် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။

အောင်ဇော်မင်း