ကျောက်ဖြူ ဩဂုတ် ၂၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက် ကြသည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရေး၊ စာဖတ်ရှိန်မြင့်တင်ရေးနှင့် ဗလ ငါးတန်နှင့် ပြည်စုံသော လူငယ်လူရွယ်များဖြစ်လာစေရေးစသည့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ပါဝင်ဆောင်ရွက်ပြီး အထက(၃) Grade–11 မှ မရွှန်းလဲ့ရွှေရည်ကျော်၊ Grade-9 မှ မရတနာဆင့်၊ မောင်အောင်ဖြိုးလင်းနှင့် မောင်နိုင်လင်းတို့က “ လူငယ်နှင့်စာပေ ” ခေါင်းစဉ်အောက်တွင် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးပြောကြားချက် များအပေါ် မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဆွေးနွေးသူများမှ ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားသည်။ ထို့နောက် ဆွေးနွေးပွဲတွင်ပါဝင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးက အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလှချမ်းအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)