ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနား တက်ရောက်

စစ်တွေ ဩဂုတ် ၂၃

၂၀၂၃ ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ပြည်နယ်အဆင့်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော် ပရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ကျင်းပရာ ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ အထူးကုဆရာဝန်ကြီးများ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်၏ မူဝါဒနှင့်အညီ ပြည်နယ်၏စီးပွားရေး၊ ပညာရေး၊ လူမှုရေး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လူသားအားလုံးသည် မွေးဖွားလာစဉ်ကတည်းက အသက်ရှင်သန်ရေး၊ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးရေး၊ ဦးနှောက်အသိဉာဏ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နေ့စဉ်လှုပ်ရှားမှုတို့အတွက် အစာအာဟာရကို မှီဝဲစားသုံးကြရခြင်းဖြစ်ကြောင်း၊ အာဟာရပြည့်ဝခြင်းသည် လူတစ်ဦးတစ်ယောက်၊ မိသားစုတစ်ခုကစ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့်အခန်းကဏ္ဍတွင်တည်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်မှာစားနပ်ရိက္ခာလုံခြုံရေး၊ စားရေရိက္ခာပေါများရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအာဟာရပြည့်ဝရန်အတွက် အစားအစာလက်လှမ်းမီရရှိရန်လိုအပ်သကဲ့သို့ အစာအာဟာရအကြောင်း သိနားလည်ရန်၊ လိုက်ကျင့်သုံးရန်နှင့် ရွေးချယ်ချက်ပြုတ်စားသုံးတတ်ရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ စာရင်းဇယားအချက်အလက်များအရ ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ ဒသမ ၃ သန်းကျော်ရှိရာတွင် ကိုယ်ဝန်ဆောင်မိခင်ပေါင်း ၆၃၆၈၃ ဦး၊ အသက်တစ်နှစ်အောက်ကလေးငယ် ၅၉၅၄၉ ဦး၊ အသက်ငါး နှစ်အောက် ကလေးငယ် ၃၁၂၃၆၄ ဦးရှိကြောင်းသိရှိရသည့်အတွက် ပြည်နယ်လူဦးရေ၏ ၁၅ ရာခိုင်နှုန်းခန့်မှာ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်ငါးနှစ်အောက်ကလေးများဖြစ်၍ ၎င်းတို့၏ကျန်းမာရေး၊ အာဟာရဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို အလေးအနက်ထားဆောင်ရွက်ပေးကြရန်မှာကြားလိုကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း နှစ်စဉ်ဩဂုတ်လရောက်တိုင်း ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များအဖြစ်သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သောလူငယ်များ၊ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်များ မွေးထုတ်ပေးနိုင်ရန်၊ ပြည်သူများအား လုံးသက်ရှည်ကျန်းမာရန်အတွက် အခြေခံကျပြီး အရေးပါသော အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ပြောကြားသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင်က အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်နှင့်တာဝန်ရှိသူများက တန်ဖိုးနည်းအာဟာရချက်ပြုတ်ပြိုင်ပွဲဆု၊ မိခင်နို့တိုက်ကျွေးမှုစံပြမိခင်ဆု၊ အာဟာရသားကောင်းမိခင်စံပြဆု၊ ကျန်းမာပြည့်ဝအာဟာရကလေးစံပြဆု၊ ဘဝရှေ့ဆောင်ရက်(၁၀၀၀) စံပြဆုနှင့် ကျန်းမာဉာဏ်ရွှင်သားကောင်းမိခင်ဆု ရရှိကြသူများအား ဆုများပေးအပ်ကြပြီး အလှူရှင်များက ရခိုင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့သို့ အလှူငွေများပေးအပ် လှူဒါန်းကြသည်။ ယင်းနောက် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်အသိပညာပေး ဗီဒီယိုအားပြသ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများက အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေဆေးလုံးများတိုက်ကျွေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးပြားများပေးအပ်ကာ အထိမ်းအမှတ်ပြခန်းများ၊ တန်ဖိုးနည်းအာဟာရပြည့်ဝသည့်အစားအစာ ပြင်ဆင်ချက်ပြုတ်သရုပ်ပြသမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)