ချမ်းမြသာစည် ဩဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် လူငယ်များ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို တန်ဖိုးထားတတ်စေရန်နှင့် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်တို့ကို ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၂ နာရီက လူငယ်နှင့်မြန်မာ့ယဉ်ကျေးမှုအနုပညာ ခေါင်းစဉ်ဖြင့် စာပေစကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
စာပေစကားဝိုင်းတွင် မြန်မာ့ယဉ်ကျေးမှု အနုပညာများမှ ဂီတအနုပညာအကြောင်းများ၊ အနောက်တိုင်းယဉ်ကျေးမှုစိမ့်၀င်ထိုးဖောက်လာမှုအကြောင်းအရာများ၊မြန်မာ့ယဥ်ကျေးမှုကိုထိန်းသိမ်းစောင့်ရှောက်တန်ဖိုးထားသင့်သည့် အကြောင်းအရာများ စသည်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စာပေစကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Book Club နှင့် သုခုမ ရင်ပြင်စာပေတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်း၊ဒုတိယဦးစီးမှူး ဒေါ်မြင့်ကေသွယ်ခိုင်၊ စာပေသုခုမရင်ပြင်မှ စာရေးဆရာ ဘုန်းဇော်မိုး(ဥဿာ)နှင့် စိုင်းမြတ်သူ (ရွှေဘို)တို့က ဆွေးနွေးခဲ့ကြသည်။ အဆိုပါစကားဝိုင်းသည် လူငယ်နှင့်မြန်မာ့ယဉ်ကျေးမှုအနုပညာ ခေါင်းစဉ်ပါ ဆောင်းပါးဖြစ်ပြီး လူငယ်များအသိပညာဗဟုသုတ တိုးတက်စေရေး အတွက်အပိုင်းငယ်များဖြင့် အပတ်စဉ်အင်္ဂါနေ့တိုင်း ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျော်စွာ (ချမ်း/စည်)