ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကျေးရွာများအား လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးရန် ကွင်းဆင်းဆောင်ရွက်

ရသေ့တောင် ဩဂုတ် ၂၃

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် ကျေးရွာများအား ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးရန် ထောက်ပံ့ထားသော ပစ္စည်းများလက်ခံရရှိခြင်းရှိ/ မရှိနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါသည့်အဖွဲ့သည် ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်က ခြေတော်ရာကျေးရွာနှင့် သာစည်ထောင့်ကျေးရွာတို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများလိုက်ပါသည့်အဖွဲ့သည့် ခြေတော်ရာကျေးရွာနှင့် သာစည်ထောင့်ကျေးရွာမှ ဒေသခံပြည်သူများကိုစုပေါင်း၍ ခြေတော်ရာကျေးရွာဘုန်းတော်ကြီးကျောင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ရသေ့တောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းပြီးနောက်ပိုင်းတွင် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့်အတွက် နိုင်ငံတော်၏စီစဉ်ပေးမှုဖြင့် စားရေရိက္ခာ၊ တည်ဆောက်ရေးပစ္စည်းများကို အချိန်မီထောက်ပံ့ပေးခဲ့ပါကြောင်း၊ ဖြစ်စဉ်အစ၌ ဒေသခံပြည်သူအားလုံးကို ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့သော်လည်း နောက်ပိုင်းတွင် A,B,C အုပ်စုသုံးခုခွဲ၍ ထောက်ပံ့မှုများ ဆက်လက်လုပ်ဆောင်ခဲ့ပါကြောင်း၊ ထောက်ပံ့ရေးပစ္စည်းများကို စနစ်တကျခွဲဝေသုံးစွဲကြစေလိုကြောင်း၊ တည်ဆောက်ရေးပစ္စည်းများအနေဖြင့် ရသေ့တောင်မြို့နယ်အတွက် သွပ်အချပ်ရေ ခြောက်သောင်းကျော်၊ သစ်တန်တစ်ရာခန့်ရရှိခဲ့ပြီး သာသနိကအဆောက်အဦများ၊ ပညာရေးကျောင်းများ၊ အခြားရေးကြီးသည့် တည်ဆောက်ရေးများကို ဦးစားပေးဆောင်ရွက်ခဲ့ပါကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ရသေ့တောင်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံသောဒေသဖြစ်၍ မိုခါမုန်တိုင်းပြီးနောက် တစ်ဧကလျှင် တင်းတစ်ရာကျော်ထွက်သည့် မျိုးစပါးများကို နိုင်ငံတော်ကထောက်ပံ့ခဲ့ရာတွင်လည်း မြို့နယ်အတွက် စပါးတင်း ငါးသောင်းကျော် ရရှိခဲ့ပါကြောင်း၊ ၎င်း မျိုးစပါးများကို စနစ်တစ်ကျစိုက်ပျိုးကာ အသုံးပြုကြစေလိုကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနိုင်လင်းထက်က အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရသေ့တောင်မြို့နယ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများက မိုခါမုန်တိုင်းပြီးနောက်ပိုင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးကြရာ ဒေသခံပြည်သူများကကျေးရွာအလိုက် အခက်အခဲ၊ လိုအပ်ချက်များကို တင်ပြကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်လင်းထက်က ဒေသခံပြည်သူများ၏ တင်ပြချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနို်ငမှုအခြေအနေများကို အသေးစိတ်ဆွေးနွေးတင်ပြကာ ထောက်ပံ့ရေးပစ္စည်းများကို ကျေးရွာတာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)