ပင်းတယမြို့ရှိ လိမ္မော်ခြံများမှ လိမ္မော်သီးများ လှိုင်လှိုင်ထွက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကာလ ကုန်စည်စီးဆင်းမှုမရှိသဖြင့် တောင်သူများအခက်တွေ့

ပင်းတယ  အောက်တိုဘာ  

ရှမ်းပြည်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် အချို့ကျေးရွာများတွင် စိုက်ပျိုးထား သည့် လိမ္မော်ခြံများမှ လိမ္မော်သီးများ ခူးဆွတ်ရောင်းချချိန် ရောက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါကာလ ကုန်စည်စီးဆင်းမှု မရှိသဖြင့် လိမ္မော်သီး စိုက်ပျိုးသူတောင်သူများ အခက်ကြုံတွေ့နေရကြောင်း သိရသည်။

လိမ္မော်သီးစိုက်ပျိုးထားသည့် တောင်သူတစ်ဦးမှ “ကျွန်တော်တို့က နှစ်စဉ်လိမ္မော်သီးများကို လိမ္မော်သီး အရွယ်အစားအလိုက် တစ်ပိသာလျှင် ငွေကျပ် ၁၅၀၀ မှ ၂၀၀၀ ကျပ်  အထိ တင်ပို့ ရောင်းချရပါတယ်၊ ဒီနှစ်မှာတော့ လိမ္မော်သီး များ လည်း ခူးဆွတ်တင်ပို့ ရောင်းချရန် အချိန်ကျ နေပြီဖြစ်သော်လည်း မှာယူသူ အနည်းငယ်သာရှိကြောင်း၊ ဒီနှစ်လိမ္မော်သီးများ အရမ်းသီးတဲ့ နှစ်မှ ယခုလိုကြုံတွေ့ရကြောင်း၊ ယခုနှစ်တွင်လည်း လိမ္မော်သီးတစ်ပိသာလျှင် ၁၅၀၀ ကျပ် သာဆိုပေမဲ့ ဝယ်ယူသူအနည်းငယ်သာ ရှိပါတယ်” ဟုပြောကြားခဲ့သည်။

အဆိုပါ လိမ္မော်ပင်များကို စိုက်ပျိုးရာတွင် စိုက်ပျိုးသည့်နှစ်မှ သုံးနှစ်ပြည့်သည့်အချိန်မှ အသီးများကို စတင်ခူးဆွတ်ရပြီး လိမ္မော်ပင်တစ်ပင်ဖြစ်ရန်အတွက် ကုန်ကျစရိတ်အနေဖြင့် ရှစ်သောင်းမှ တစ်သိန်းကျပ် ဝန်းကျင်အထိ ကုန်ကျကြောင်း လိမ္မော်ပင်များစိုက်ပျိုးပြီး ငါးနှစ်ကျော် ခြောက်နှစ်သက်တမ်း ရောက်ပါက အသီးများလှိုင်လှိုင်သီးကြောင်း နှစ်စဉ် အောက်တိုဘာလမှ ဇန်နဝါရီလအထိ ခူးဆွတ်ရောင်းချရကြောင်း လည်း သိရသည်။

ခင်မျိုးနွယ်(ပင်းတယ)