ဘူးသီးတောင်မြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပ

ဘူးသီးတောင်   ဩဂုတ်    ၁၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ် ၂ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌စာရေးဆရာမခင်စောတင့် ရေးသားသော "စွန့်စားမှုဆီသို့" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးအောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများ ဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့်စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့်အခွင့်အလမ်းများ ရရှိစေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး အချိန်အခါကိုသိပါ၊ ရှင်သန်တိုးပွားခြင်းတရား၊ စွန့်စားမှုဆီသို့ခြေလှမ်းတစ်လှမ်းစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအကြောင်းအရာများကို ဝင်ရောက်ဖတ်ရှုဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌လစဉ်ကျင်းပပြုလုပ်လျက်ရှိပြီး စိတ်ပါဝင်စားသူများအနေဖြင့် တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)