ဘူးသီးတောင်မြို့နယ်အတွင်း ရေလမ်းကြောင်းခရီးသွားပြည်သူများအား (Life Jackets) အသက်ကယ်အင်္ကျီ စနစ်တကျဝတ်ဆင်တတ်စေရေး အသိပညာပေး

ဘူးသီးတောင် သြဂုတ် ၁၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရေလမ်းကြောင်းဖြင့်သွားလာနေကြသည့် ခရီးသွားပြည်သူများနှင့် စျေးရောင်း/ စျေးဝယ် လာသူများအား (Life Jackets) အသက်ကယ်အင်္ကျီများ စနစ်တကျဝတ်ဆင် တတ်စေရေး အသိပညာပေးခြင်းအား ယနေ့ နေလယ် ၁၂ နာရီခွဲအချိန်က ဘူးသီးတောင်မြို့နယ်အတွင်း အခြေပြုပြေးဆွဲနေသည့် ကမ်းနားလမ်းဈေးဆိပ်ကမ်း၌ ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးထွန်းဝင်းနိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက ဘူးသီးတောင်မြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများ၊ စျေးရောင်း/ စျေးဝယ်လာသူများ၊ စက်လှေသမားများ၊ ကုန်တင်ကုန်ချ အလုပ်သမားများအား မိုးကြိုကာလသို့ ရောက်ရှိလာပြီဖြစ်ရာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ရေကြီးခြင်း၊ တောင်ကျချောင်းရေများ အရှိန်ပြင်းစွာစီးဆင်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မုန်တိုင်းဝင်ရောက်ခြင်းစသည်တို့ ဖြစ်ပွားလာနိုင်ပြီး ရေလမ်းကြောင်း ခရီးသွားပြည်သူများအနေဖြင့် ရေယာဉ်တိုက်မှုများ၊ တိမ်းမှောက်မှုများဖြစ်ပေါ်လာနိုင်လာသဖြင့် မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် မြစ်ချောင်းကမ်းပါးများ အနီးတွင် နေထိုင်ကြသောပြည်သူများ၊ ပင်လယ်၊ မြစ်၊ ချောင်းများတွင် သွားလာနေသောရေယာဉ်များ အသက်ကယ်ဝတ်စုံ (Life Jackets) ထားရှိရေး၊ လုပ်သားပြည်သူများအား (Life Jackets) အသက်ကယ်ဝတ်စုံများ စနစ်တကျ ဝတ်ဆင်တတ်စေရေး၊ လက်တွေ့သရုပ်ပြဝတ်ဆင်မှုများနှင့် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအသက်ကယ်ဝတ်စုံ (Life Jackets) ဝတ်ဆင်ရေးအသိပညာပေးခြင်းသို့ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

လှကျော်(ပြန်/ဆက်)