ဘူးသီးတောင်မြို့ သန့်ရှင်းသာယာလှပစေရေး မြို့ဝင်ဂိတ်မှ မေယုလမ်းတစ်လျှောက်လမ်း ဘေးဝဲ/ယာနှင့် ကမ်းနားလမ်းတစ်လျှောက်စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

ဘူးသီးတောင် သြဂုတ် ၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇) နာရီခွဲအချိန်က မောင်တော- ဘူးသီးတောင်သွားရာကားလမ်း မြို့ဝင်ဂိတ်မှ မေယုလမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတို့နှင့် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်များမှအရာရှိ/စစ်သည်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား(၂၀၀)ဦးခန့်တို့က ကားလမ်းဘေးဝဲ/ယာများရှိ အမှိုက်၊ ပေါင်းမြက်များရှင်းလင်းကောက်ယူခြင်း၊ သစ်ပင်သစ်ကိုင်း၊ ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာနေရာများသို့ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်၍ ဘူးသီးတောင်တပ်နယ်မှူးဗိုလ်မှုးကြီးတင်မိုးအောင်နှင့် တာဝန်ရှိသူများသည် မြို့မနာရီစင်ကြီး ပြုပြင်မွမ်းမံပြီးစီး၍ နာရီအသစ်လဲလှယ်နေမှုတို့အား သွားရောက်ကြည့်ရှု၍ နာရီစင်ကြီးတွင် အလှမီးများ တပ်ဆင်နိုင်ရေးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

လှကျော် (ပြန်/ဆက်)