တုံတာ အောက်တိုဘာ ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်၁နှစ်ခွဲမှ ၁၅နှစ်အောက် ကလေးများအား ဆုံဆို့နာရောဂါ ကာကွယ်ဆေးနှင့် အမီလိုက် ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီခန့်က တုံတာမြို့ တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် တုံတာမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက အိမ်ထောင်စုအလိုက် စာရင်းရေးသွင်း ကောက်ယူပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက် များနှင့်အညီ ကာကွယ်ဆေး များ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို တုံတာမြို့ပေါ် ရပ်ကွက်များရှိ သက်ဆိုင်ရာစုရပ် နေရာများ၌ အောက်တိုဘာလ ၁၅ ရက်မှ ၁၈ ရက်အထိ ၄ ရက်ကြာ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်း တုံတာမြို့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှိုင်လှိုင်ငြိမ်း(ပြန်/ဆက်)