ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်

ဘူးသီးတောင် သြဂုတ် ၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီအချိန်က ဘူးသီးတောင်မြို့ နယ် ရွာမကျေးရွာတွင် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် လူနေအိမ်များ၌ထားရှိသော ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ နေအိမ်များရှိဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် များ ပြုလုပ်ပေးပြီး ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့်ရောဂါများအကြောင်းနှင့် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။

လှကျော် (ပြန်/ဆက်)