ဝမ်းတွင်း ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ်(၁၄၇၂ နှင့် ၁၄၇၃)တို့ရှိ တောင်သူများအနေဖြင့် မြေပဲများစတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်ရှိ ကွင်းအမှတ် ၁၄၇၂ နှင့် ၁၄၇၃ စိုက်ကွင်းများသည် မိုးရေကို အဓိကထား၍ စိုက်ပျိုးရေးလုပ်ဆောင်နေသော စိုက်ကွင်းများဖြစ်ပြီး ယခုနှစ်မိုးရာသီတွင် မိုးရွာသွန်းမှုများသည့်အတွက် မြေမဲများစိုက်ပျိုးရန်လုပ်ဆောင်နေခြင်းဖြစ်သည်။ ကွင်းအမှတ်(၁၄၇၂ နှင့် ၁၄၇၃)ရှိ တောင်သူများအနေဖြင့် ယခင်နှစ်က မြေပဲ(၁)ဧကလျှင် မြေပဲတင်း(၈၀)ကျော်ထွက်ရှိကာ တစ်တင်းလျှင် ကျပ် ၃၀,၀၀၀ ကျော် ရရှိခဲ့ကြောင်း တောင်သူဦးကျော် ထံမှသိရသည်။
“အခုနှစ်လည်း မိုးရွာသွန်းမှုများတယ်၊ မိုးရေရရှိတာလည်းကောင်းတယ်။ ဒါကြောင့် မြေပဲတွေကို စတင်စိုက်ပျိုးကြတာဖြစ်တယ်။ ကွင်းအမှတ်(၁၄၇၂) နဲ့ (၁၄၇၃) မှာ မြေပဲစိုက်တောင်သူ စုစုပေါင်း (၄၀)ကျော်ရှိတယ်။ စိုက်ပျိုးဧက(၇၀)ကျော်တယ်။ မြေပဲမျိုးကတော့ မြေပဲအဆံ တစ်ပြည်ကို(၈၅၀၀) ကျပ်ပေးရတယ်” ဟု ၎င်းက ပြောသည်။
ဝမ်းတွင်းမြို့နယ်ရှိ အရှေ့ဘက်ခြမ်းစိုက်ကွင်းများသည် ဆည်ရေများရရှိသည့်အတွက် ဆည်ရေကို အဓိကထားစိုက်ပျိုးနိုင်သော်လည်း မြို့နယ်ရှိအနောက်ဘက်ခြမ်းဒေသများသည် ဆည်ရေမရရှိသည့်အတွက် မိုးရေကိုသာအဓိကထားကာ စိုက်ပျိုးကြရကြောင်း၊ စပါး၊ ငရုတ်၊ ဝါ၊ နှမ်းနှင့် မြေပဲတို့ကို အဓိကထားစိုက်ပျိုးကြကြောင်းသိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)