တောင်သာ သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် လယ်ယာထွက်ကုန်၊ ထုတ်ကုန်များကို စျေးကွက်သို့ လျင်မြန်စွာ သယ်ပို့နိုင်ရေး ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ယင်းလမ်းပေါ်ရှိ လိုအပ်သော ကုန်ထုတ်တံတားများကိုပါ တစ်လက်စတည်း ဆောက်လုပ်ပေးလျက်ရှိရာတွင် ဥသျှစ်ပင်(အင်ကြင်းသာတောတိုက်)ကျေးရွာ၌ ကုန်ထုတ်တံတား Slab Curvert တစ်စင်းဆောင်ရွက်နေမှုအား ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် တာဝန်ရှိသူများက တံတားတည်ဆောက်နေမှုအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိအား စစ်ဆေးပြီး ကျေးရွာကော်မတီဝင်များကို ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
အဆိုပါ ဥသျှစ်ပင်(အင်ကြင်းသာတောတိုက်)ကျေးရွာ ကုန်ထုတ်တံတား Slab Curvert အား ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ် (၄.၁၁)သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့ပြီး ယခုအခါ လုပ်ငန်းအားလုံး ရာနူန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့သဖြင့် ရာသီမရွေး သွားလာနိုင်ပြီး လယ်ယာထွက်ကုန်များ စျေးကွက်သို့ အချိန်မီလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်တော့မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောပြသည်။
ကျော်မျိုးနိုင်(တောင်သာ)