လွိုင်လင်မြို့ အခြေခံပညာကျောင်းများတွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ အသိပညာပေး ဟောပြောပွဲကျင်းပ

လွိုင်လင် ဩဂုတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အ.ထ.က (၁) ကျောင်းခန်းမတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ပြုလုပ်ပါသည်။

အစီအစဉ်အရ ရှေးဦးစွာ အ.ထ.က (၁) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရွှေရွှေလွင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမော်က သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများအကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ‌‌ဒေါ်သင်းမြတ်ရည်ဝင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်း၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခင်လေးဖြူက ကလေးအလုပ်သမားဆိုင်ရာများကိုလည်းကောင်း၊ လွိုင်ခမ်းအမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နန်းသန်းသန်းညွှန်က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အကြောင်း ကိုလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ကျောင်းဆရာ/ ဆရာမများ ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။ အလားတူ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက လွိုင်လင်မြို့ အ.လ.က (၁) ကျောင်းခန်းမတွင် ဆက်လက်ဆောင်ရွက်ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်