ထန်းတပင်မြို့နယ်၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ထန်းတပင်(ရန်ကုန်) ဩဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းက ကြာအင်းကျေးရွာအုပ်စု၊ ကန့်လန့်ကုန်းကျေးရွာတွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင်လည်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့်တာဝန်ရှိသူများက ကန့်လန့်ကုန်းကျေးရွာတွင် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာတွင်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း အရှည်(၄၅၉၀)ပေ၊ အကျယ်(၁၀)ပေ၊ (၇)လက်မ ထုခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလတွင် လုပ်ငန်းများအချိန်မီပြီးစီးရေးနှင့် လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေးတို့ကိုလည်း ဆွေးနွေးပြောကြားသည်။

ကန့်လန့်ကုန်းကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို တိုင်းဒေသကြီးအစိုးရခွင့်ပြု ရန်ပုံငွေကျပ်သန်း(၁၉၂.၈၁၁၀)ဖြင့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လ(၁၁)ရက်နေ့မှစတင်၍ ရွက်သစ်နုဝေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် (၄၀)ရာခိုင်နှုန်းအထိပြီးစီးနေပြီးဖြစ်ကာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးသွားပါကလည်း ကျေးရွာနေပြည်သူများ ရာသီမရွေးသွားလာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)