မချမ်းဘော သြဂုတ် ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အသိပညာပေးခြင်းများကို ယမန်နေ့ညနေ (၃) နာရီက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးကြီးကြပ် (၁) ဦးမျိုးရန်အောင် နှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီနီလွင်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဒူးဆာဒီ(ခ) ဒေါ်နွေးနန္ဒာအောင်နှင့် အသင်း၀င်များက မြို့ပေါ်ရပ်ကွက် နေအိမ်များရှိ ရေတွင်း၊ ရေကန်နှင့် ရေများတင်ကျန်နိုင်သည့် ရေပုံးဟောင်း၊ ခွက်ဟောင်းများ သွန်ပစ်ခြင်း၊ ခြင်၊ ပိုးလောက်လမ်းများ ခိုအောင်းပေါက်ပွားနိုင်သည့် တာယာဟောင်းများ၊ ဘုရားပန်းအိုးများကို စစ်ဆေးခြင်းများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများကိုယ်တိုင်ပါဝင်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ(မချမ်းဘော့)