(၂၄)ကြိမ်မြောက် မြန်မာရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနိုင်ရေးတိုင်းရင်းသားရိုးရာ အကဲဖြတ်လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင် ဩဂုတ် ၂၂

ပြည်နယ်အဆင့် ၂၄ ကြိမ်မြောက် မြန်မာရိုးရာအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ ကျင်းပနိုင်ရေးအတွက် တိုင်းရင်းသားရိုးရာအကဲဖြတ်လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ မွန်ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အစည်းအဝေးတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး၊ တိုင်းရင်းသားရိုးရာ အကဲဖြတ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်လယိတမက ယခုလို ရိုးရာယဥ်ကျေးမှုဖော်ထုတ်သည့် ပြိုင်ပွဲများတွင်ပြိုင်ပွဲဝင်မည့်သူများအနေဖြင့် မိမိတို့၏အမျိုးသားအကျိုးစီးပွားအတွက် အထောက်အကူပြု၊မပြုစဥ်းစားဆုံးဖြတ်ပြီးဝင်ရောက်ယှဉ်ပြိုင်သင့်ကြောင်း၊ မိမိတို့မွန်လူမျိုးများ၏ ယဥ်ကျေးမှု၊ ဓလေ့၊ သမိုင်းအမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်ရန် အဖွဲ့ဝင်များအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေချင်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များ ပံ့ပိုးပေးမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက်တိုင်းရင်းသားရိုးရာအကဲဖြတ်လုပ်ငန်းကော်မတီအတွင်းရေးမှူး ဒေါ်သံယောဇဉ်မိုးက ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍တက်ရောက်လာသည့်ကော်မတီအဖွဲ့ဝင်အသီးသီး၏ တင်ပြအကြံပြုချက်များအပေါ် ကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ ပြည်နယ်/မြို့နယ် မွန်စာပေနှင့်ယဥ်ကျေးမှုကော်မတီဝင်များ၊ မွန်ရိုးရာအဆိုအကအတီးပညာရှင်များ၊ မွန်ယဥ်ကျေးမှုအဖွဲ့(မော်လမြိုင်တက္ကသိုလ်)၊ ပညာရေးဒီဂရီကောလိပ်(မော်လမြိုင်)၊တိုင်းရင်းသားရိုးရာ အကဲဖြတ်လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)