မိုင်းယန်း ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသခံတောင်သူ လယ်သမားများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရန် ယူရီးယားဓါတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မိုင်းယန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သန်းက မိုင်းယန်းမြို့နယ်အတွင်း လယ်စပါးစိုက်တောင်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိစေရန် ရည်ရွယ်၍ ယူရီးယားဓါတ်မြေဩဇာများ ထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက ရှမ်းပြည်နယ်အစိုးရမှ မိုးစပါးအထွက်နှုန်း ရရှိစေရန်အတွက် ထောက်ပံ့ပေးအပ်သော ယူရီးယားဓါတ်မြေဩဇာများကို တောင်သူတစ်ဦးချင်း ထောက်ပံ့ပေးခဲ့ပြီး တက်ရောက်လာသော တောင်သူတစ်ဦးမှ ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး