သံဖြူဇရပ် ဩဂုတ် ၂၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ တည်ဆဲဥပဒေများနှင့်အညီ ပြေစာများအပေါ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ချိုက အခွန်ပေးဆောင်ရခြင်း၏ ရည်ရွယ်ချက်၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ကျင့်သုံးနေသောဥပဒေများ၊ ကောက်ခံလျက်ရှိသော အခွန်အမျိုးအစားများ၊ စားသောက်ဆိုင်၊ ဟိုတယ်/တည်းခိုခန်း၊ ရုပ်သံလွှင့်မီဒီယာ၊ ရွှေထည်လက်ဝတ်ရတနာ၊ လက်ကိုင်ဖုန်းနှင့်ဆက်စပ်ပစ္စည်းများရောင်းချခြင်းစသည့် လုပ်ငန်းရှင်များအား ပြေစာထုတ်ပေးခြင်းနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်မှုအား ဒဏ်ငွေတပ်ရိုက်ခြင်း၊ ပျက်ကွက်မှုအား တိုင်ကြားခြင်းတို့နှင့် စပ်လျဉ်းသည်တို့ကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသည့် အခွန်ထမ်းလုပ်ငန်းရှင်တို့က သိလိုသည်တို့ကိုမေးမြန်းရာ မွန်ပြည်နယ်ပြည်တွင်း အခွန်များဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဟိုတယ်/ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ရွှေဆိုင်၊ လက်ကိုင်ဖုန်း(Handset)နှင့် ဆက်စပ်ပစ္စည်းဆိုင်များမှ အခွန်ထမ်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)