ဝမ်းတွင်း သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ ဝမ်းတွင်း(၁) ချင်းတွင်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကောလိပ်ကြည်က မိမိတို့ ကျောင်းတွင် လူငယ်များအတွက် အသိပညာဗဟုတများတိုးပွားရန် လာ ရောက်ဆွေးနွေးဟောပြောပေးကြသော တာဝန်ရှိသူများကို ကျေးဇူးအထူးပင်တင်ရှိပါကြောင်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတများတိုးပွားစေရန် ဆွေးနွေးဟောပြောချက်များကို လိုက်နာမှတ်သားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက လူငယ်လူရွယ်များအတွက် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများကိုလေ့လာမှတ်သားရန် လိုအပ်ပါကြောင်း၊ အလိမ္မာ စာမှာရှိ၊ စာအုပ်စာပေလူမိတ်ဆွေ ဆိုသည့်အတိုင်း ဗဟုသုတရဖွယ် သုတ/ရသစာပေများကို လေ့လာမှတ်သားကြရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။ ထို့နောက် ဦးသိန်းမြင့် (ရုပ်သံကျွမ်းကျင်-၃)က “လူငယ်နဲ့ရည်မှန်းချက်၊ လူငယ်နဲ့စာရိတ္တ၊ လူငယ်နဲ့ ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကျန်းမာရေး” စသည့် သိကောင်းစရာများကို ဗဟုသုတများတိုးပွားစေရန် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲသို့ ဦးစီးအရာရှိ ဒေါ်မူမြစောနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကောလိပ်ကြည်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးမှ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)