မိုင်းယန်း ဩဂုတ် ၂၂
တစ်မျိုးသားလုံး ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ရွက်ပုန်းသီးမျိုးဆက် သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂) နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးစိုင်းလှိုင်ခမ်းမှ အဖွင့်အမှာစကားနှင့် ယှဉ်ပြိုင်ကစားကြရာတွင် အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း ပြောကြားပြီး ကျောင်းသား/ကျောင်းသူလေးများမှ အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် မိုင်းယန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ ပါဝင်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းသား များအား ရင်းရင်းနှီးနှီးလိုက်လံနုတ်ဆက် ခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၂၅) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲနေ့တွင် ဟိုကပ်ရပ်ကွက်အသင်းနှင့် ဝိန်းလိတ်ရပ်ကွက် အသင်းတို့ ယှဉ်ပြိုင်ကစားပွဲအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးမှ ဘောလုံးကန်၍ စတင်ပေးခဲ့သည်။ အဆိုပါ ဘောလုံးပြိုင်ပွဲတွင် စုစုပေါင်း (၁၀) သင်းပါဝင်ပြီး ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) ၊ အုပ်စု (ခ) သတ်မှတ်၍ (၂၁-၈-၂၀၂၃) ရက်နေ့မှ (၈-၉-၂၀၂၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။
ထွန်းထွန်းထူး