တံတားဦးမြို့ ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌  ကြိမ်ခြင်းရက်လုပ်နည်းသင်တန်း(အခမဲ့) ဖွင့်လှစ်

တံတားဦး ဩဂုတ် ၂၂

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တံတားဦးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်လေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre )ခန်းမ၌ ကြိမ်ခြင်းရက်လုပ်နည်း (အခမဲ့)သင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကြိမ်ခြင်းသင်တန်း(အခမဲ့)ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး တံတားဦမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ဝါဝါက ကြိမ်ခြင်းရက်လုပ်နည်းသည် အလွန်လွယ်ကူပါကြောင်း၊ ကြိမ်ခြင်းသည် ပစ္စည်းမျိုးစုံကို ထည့်နိုင်သည့်အပြင် ခရီးသွားလာသည့်အခါ ပစ္စည်းများကိုထည့်၍ အလွယ်တကူ သယ်ဆောင်နိုင်ကြောင်း ကြိမ်ခြင်းရက်လုပ်ခြင်းသည် အမြင်တွင် လွယ်ကူမည်ထင်ရသော်လည်း လက်တွေ့ရက်လုပ်ရတွင် အလွန်ခက်ခဲပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ကြိမ်ခြင်းရက်လုပ်နည်းကို ကွက်သစ်ရပ်မှ ဒေါ်မြမြစန်းမှ လက်တွေ့သင်ကြားပေးသည်။

ကြိမ်ခြင်းရက်လုပ်ရန်အတွက် ကြိမ်များကို တံတားဦးမြို့ အင်းဝမှ ဝယ်ယူရကြောင်း၊ ကြိမ်တစ်စည်းလျှင် ငွေကျပ်(၂၅၀၀၀)ပေးရသည့်အတွက် ကြိမ်များ အလေအလွင့်မရှိရေး စနစ်တကျ လွှာရပါကြောင်း၊ ကြိမ်များ အထပ်ထပ်လွှာလိုက်ပါက ကြိမ်အသေးများဖြစ်လာပါကြောင်း၊ ကြိမ်ခြင်းနှင့်နှီးခြင်းရက်လုပ်နည်းသည် အတူတူပင်ဖြစ်ပါကြောင်း၊ ကြိမ်များဖြင့် ကြိမ်ကုလားထိုင်၊ ကြိမ်ခြင်း၊ ကြိမ်ခမောက်၊ ကြိမ်ခေါင်းအုံး စသည့်တို့ကို ရက်လုပ်နိုင်ပါကြောင်း ကြိမ်တစ်စည်းလျှင် ခြင်းအရွယ်အစားနှင့် ကြိမ်နှင့်ရက်လုပ်သည့် ပစ္စည်းများမူတည်ပြီး ရရှိပါကြောင်း၊ ကြိမ်ခြင်းကြီး(၂၀)လုံးရရှိပြီး ခြင်းအသေးအနေဖြင့် (၂၀)လုံး ရရှိပါကြောင်း၊ ခြင်းရက်လုပ်ရာတွင် တစ်နေ့ကို ခြင်းကြီး(၂)လုံးရရှိ၍ ခြင်းအသေးဆိုလျှင်(၃)ပြီးစီးကြောင်း၊ ပြန်လည်ရောင်းချသည့်အခါ ခြင်းကြီးတစ်လုံးလျှင်ငွေကျပ်(၂၅၀၀၀)ကျပ်၊ ခြင်းသေးတစ်လုံးလျှင် ငွေကျပ် (၁၅၀၀၀)ရရှိပါကြောင်း နေ့စားဖြင့် ရက်လုပ်ပါက ငွေကျပ်(၅၀၀၀)ပေးကြောင်း တံတားဦးမြို့ အမှတ်(၁)ရပ် ကွက်သစ်ရပ် ခြင်းရက်လုပ်သူ ဒေါ်မြမြစန်းထံမှ သိရသည်။ အဆိုပါ သင်တန်းကို (၂)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ တံတားဦးမြို့နယ်မှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခြင်းရက်လုပ်ရန် ဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ရဲတင့်( ပြန်/ဆက်)