ပျော်ဘွယ် ဩဂုတ် ၂၁
ပျော်ဘွယ်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ဦးဆောင်၍ အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဩဂုတ်လ(၂၁)ရက်၊ နံနက်(၁၀)နာရီက အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးအောင်ကျော်စိုးမိုးက သက်ငယ်မုဒိန်းမှု မဖြစ်ပွားစေရန်အတွက် မိဘအုပ်ထိန်းသူများအနေဖြင့်သိရှိထားရမည့်အချက်များ၊ လူငယ်များကိုယ်တိုင် ဆောင်ရန်၊ ရှောင်ရန်များကို လည်းကောင်း၊ မြို့မရဲစခန်းမှ ဒုတိယရဲအုပ်ငွေစိုးက လူကုန်ကူးမှုမခံရစေရန်အတွက် အသိပညာပေးအကြောင်းအရာများကို လည်းကောင်း၊ ဒုတိယရဲအုပ် စုနွယ်လှိုင်က မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ဆွေးနွေး ဟောပြောကြသည်။
အခမ်းအနားပြီးနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြကြေးမှုံနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက အသိပညာပေး လက်ကမ်း စာစောင်များကို ကျောင်းသား၊ ကျောင်းသူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)