မူဆယ် ဩဂုတ် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ စွမ်စော်ကျောင်းတွင် ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်းကျောင်းတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများ ဆက်လက်ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ အပေါင်းအသင်းမမှားစေရန်၊ အနာဂတ်တွင် တိုင်းချစ်ပြည်ချစ်မျိုးချစ်သော လူငယ်လူရွယ်များ ဖြစ်လာစေရန်၊ လိမ္မာရေးခြားရှိလာစေရန် ရည်ရွယ်၍ မူဆယ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မူဆယ်ခရိုင်မှူး ဒေါ်တင်တင်စိန်က တက်ရောက်လာသော ကျောင်းသူ/သားများကို ကလေးသူငယ်အခွင့်အရေး (၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် အကြောင်းအရာများ၊ ကလေးသူငယ်များရရှိနိုင်မည့် အခွင့်အရေးအကြောင်းအရာများ၊ ကလေးသူငယ်များအတွက် မြန်မာနိုင်ငံမှ CRC အကောင်အထည်ဖော်ဆောင်ရွက်မှုအကြောင်းများ၊ ကလေးသူငယ်များ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်မှုများရှိလာခဲ့လျှင် မိမိတို့ကာကွယ်စောင့်ရှောက်ရမည့်တာဝန်ဖြစ်ကြောင်း၊ ကလေးသူငယ်များအသက် (၁၄)နှစ် မပြည့်မီ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခံရခြင်းများရှိပါက ခိုင်းစေသူများခံရမည့် ငွေကြေးဒဏ်၊ ကျခံရမည့်ထောင်ဒဏ် ပုဒ်မအကြောင်းအရာများနှင့် ကလေးသူငယ်များနှင့်သက်ဆိုင်သည့် ပုဒ်မအကြောင်းအရာများ၊ ကျောင်းသူ/သားများ မူးယစ်ဆေးဝါးများကိုလည်း စမ်းသပ်ပြီးမလုပ်ကြဖို့ရန်၊ သက်ကြီးရွယ်အိုများ ခံစားရရှိနိုင်သည့်အခွင့်အရေးများ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီ တာဝန်ဝတ္တရားများ၊ သက်ကြီးရွယ်အိုများအတွက် ပြဌာန်းထားသော ဥပဒေအကြောင်းအရာများ၊ မြန်မာနိုင်ငံ သက်ကြီးရွယ်အိုများအခြေခံစားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေး အသင်းအဖွဲ့များနှင့် အစည်းအရုံးများတွင် ပါဝင်ဆောင်ရွက်ခွင့် အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုစက်ချုပ် သင်တန်းကျောင်းမှ သင်တန်းကျောင်းအုပ် ဒေါ်နန်းစောရင်က နွေရာသီကျောင်းပိတ်ရက်များတွင် ဝါသနာပါသောကျောင်းသူလေးများ အိမ်တွင်းမှုသင်တန်းကျောင်းတွင် အခမဲ့ စက်ချုပ်သင်တန်း တက်ရောက်နိုင်ကြောင်းနှင့် မူဆယ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းဆိုင်ရာ အချက်အလက်ဓာတ်ပုံမှတ်တမ်းများဖြင့် ရှင်းလင်းပြောကြားပြသခဲ့သည်။ ယင်းနောက် မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးအယ်လ်စိုးထန်တူးက တက်ရောက်လာသော ကျောင်းသူ/သားများကို အသိပညာ၊ အတတ်ပညာရပ် ပြင်ပဗဟုသုတဆိုင်ရာအကြောင်းအရာများကို ဟောပြောကာ ကျောင်းသူ/သားများနှင့် အမေးအဖြေများလည်း ပြုလုပ်ခဲ့သည်။
မူဆယ်ခရိုင်(ပြန်/ဆက်)