ကျောက်ဆည် ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုပြုဌာနတွင် ယမန်နေ့ မွန်းလွဲ (၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး သတင်းဗွီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ဝန်ထမ်းများအနေဖြင့် သတင်းဗွီဒီယိုရိုက်ကူးတည်ဖြတ်ခြင်းပညာသည် ခေတ်ကာလနှင့်အညီ တတ်မြောက်ထားသင့်သည့် ပညာဖြစ်သဖြင့် သင်တန်းသား/သင်တန်းသူများအနေဖြင့် ကြိုးစားသင်ယူ သွားကြစေလိုကြောင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျင်ဌေးက ဌာနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး သင်ကြားပို့ချသော ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူသွားကြစေလိုကြောင်း အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက်သင်တန်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓာတ်ပုံကျွမ်းကျင်(၂) ဦးသက်မောင်က သတင်းအချက်အလက်စုဆောင်းနည်း၊ ရေးသားခြင်းနှင့် အငယ်တန်းစာရေး ဦးအောင်ပိုင်ပိုင်ကျော်က ရိုက်ကူးနည်း၊ အသံသွင်းခြင်းနှင့် တည်းဖြတ်နည်းများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ပြီး သင်တန်းသို့ ကျောက်ဆည်ခရိုင်နှင့် ပြင်ဦးလွင်၊ မတ္တရာမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့မှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးစီးမှူး၊ ဒုတိယဦးစီးမှူး၊ ကြီးကြပ်ရေးမှူး၊ ဌာနခွဲစာရေး စုစုပေါင်း(၁၈)ဦး တက်ရောက်သင်ကြားခဲ့ပြီး သတင်းကာလမှာ ဩဂုတ်(၂၂)ရက်မှ (၂၄)ရက်နေ့အထိ (၃)ရက်ကြာ သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)