ညောင်ရွှေ ဩဂုတ် ၂၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ရုံးသည် အခြေခံပညာကျောင်းသား/ကျောင်းသူလေးများ အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိလာစေရန် ရည်ရွယ်ချက်ဖြင့် အခြေခံပညာကျောင်းများသို့သွားရောက်၍ ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ လူငယ်သိပညာပေးပြပွဲဆောက်ရွက်ခြင်း၊ အသိပညာပေးနံရံကပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်(၂၁)ရက် နေ့လယ်ပိုင်းက ညောင်ရွှေမြို့နယ်၊ ဝါးတော်ကျေးရွာအခြေခံပညာ မူလတန်းကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ လှုပ်ရှားမှုကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညောင်ရွှေမြို့နယ်ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က နယ်လှည့်ကွင်းဆင်းလှုပ်ရှားမှုဆောင်ရွက်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်း သိကောင်းစရာများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် ကျောင်းသားကျောင်းသူလေးများအတွက် လူငယ်အသိပညာပေးပြပွဲ ခင်းကျင်းပြသပေးခြင်း၊ ဆေးလိပ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးနံရံကပ် စာစောင်ပြသခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ