သာကေတမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

သာကေတ သြဂုတ် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမတွင် ယမန်နေ့ နံနက်(၉:၃၀)အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားနှင့် ဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးညွှန့်ဝင်းမှ လူကုန်ကူးမှုတားဆီးကာကွယ် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ မှတ်သားသင့်သည့် အချက်များဖြစ်သည့် လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှု၏အဓိပ္ပါယ်၊ လူကုန်ကူးမှုဖြစ်ပွားရခြင်းဆိုင်ရာ ဆက်စပ်မှုအကြောင်းတရားများ၊ ဖြစ်ပွားတက်သော လူကုန်ကူးမှု အမျိုးအစားများ၊ လူကုန်ကူးခံရသူ၏ဆိုးကျိုးများ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များအား အကျယ်တဝင့်ဟောပြောခဲ့ပြီး သာကေတမြို့နယ် အမှတ် (၃၇) ယာဥ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူး အောင်ဇော်ထွန်းမှ ကျောင်းသား၊ ကျောင်းသူများ မှတ်သားသင့်သည့် အခြေခံယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ ဖြစ်သည့်လမ်းလျှောက်သူများ၏ လိုက်နာရမည့်ရမည့်စည်းကမ်း၊ ယာဥ်မောင်းသူများ၏ လိုက်နာရမည့်စည်းကမ်း၊ စက်ဘီးစီးသူများလိုက်နာရမည့် စည်းကမ်းများ၊ ယာဥ်အန္တရာယ် ကင်းရှင်းရေးတားမြစ်ခြင်းနှင့် ကန့်သန့်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ မော်တော်ယာဥ်သွားလာမှုဆိုင်ရာ ဥပဒေပါစည်းမျဥ်းများအား ဟောပြောခဲ့သည်။

ထို့နောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်နုနုရှိန်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ဟောပြောပွဲတက်ရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ယာဥ် ထိန်းရဲတပ်ဖွဲ့စုဒုရဲမှူး အောင်ဇော်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းများမှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)