လားရှိုး အောက်တိုဘာ ၁၅
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် မိုးကုတ်ဝိပဿနာ Quarantine Centre ဖွင့်လှစ်ပြီး ဆောင်ရွက်ခဲ့ရာ ယနေ့ နံနက်(၉)နာရီခွဲ အချိန်မှစတင်၍ အဆိုပါ စင်တာမှ Quarantine ဝင်ရောက်နေသူများ အားလုံး ကို ပရဟိတယာဉ်များ၊ လူမှုကူညီရေး အသင်းအဖွဲ့ယာဉ်များ ပါဝင်လျက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အဆိုပါယာဉ်တန်းအား ဦးဆောင်ကာ အသစ်ဖွင့်လှစ်သော လားရှိုးမြို့ ပညာရေး ကောလိပ် Quarantine Centre သို့ ပြောင်း ရွှေ့ပို့ဆောင်ခဲ့သည်။
အဆိုပါ ပြောင်းရွှေ့ရာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် လားရှိုးမြို့ရှိ လူမှုကူညီရေးအသင်း (၁၁)သင်းမှ ယာဉ်စုစုပေါင်း (၁၂)စီး တို့ ပါဝင်ကာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (လားရှိုး ယာဉ်ထိန်း ရဲတပ်ဖွဲ့)က ယာဉ်တန်းအား ဦးစီးပြီး Quarantine ဝင်ရောက်နေသူ အမျိုးသား(၂၉)ဦး အမျိုးသမီး(၁၅)ဦး စုစုပေါင်း(၄၄)ဦးတို့အား အသစ် ထပ်မံဖွင့်လှစ်သော လားရှိုးပညာရေးကောလိပ်သို့ ပြောင်းရွှေ့ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ မူလဖွင့်လှစ်ထားရှိသော မိုးကုတ် ဝိပဿနာစင်တာအား အနံ့ပျောက်သူများနှင့် အရသာပျောက်သူများ၊ သံသယလူနာများအတွက် ဆက်လက်ထားရှိ ဆောင်ရွက် သွားမည်ဖြစ်ပြီး ရောဂါပြင်းထန်လာ သူများအား လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဖွင့်လှစ်ထားသော အတည်ပြု လူနာများ ကုသရေး Isolation ward တွင် ထားရှိကုသပေးသွားမည်ဖြစ်ကြောင်း COVID-19 ကာကွယ် ထိန်းချုပ်ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဦးအာကာလင်းထံမှ သိရှိရသည်။
ဟန်ဌေး (လားရှိုး)