မြစ်ကြီးနား သြဂုတ် ၂၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက် မြင့်မားရေးအတွက် ကော်မတီအဖွဲ့ဝင်များနှင့် အခြေခံပညာအထက်တန်းကျောင်းအုပ်များ၊ အထက်တန်းပြ ဆရာ/ ဆရာမများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို သြဂုတ် ၂၁ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ကော်မတီဖွဲ့စည်းပြီး လိုအပ်ချက်များကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သဖြင့် တစ်နိုင်ငံလုံးတွင် ဒုတိယအဆင့်ကို ရရှိခဲ့ပါကြောင်း၊ ယခုပညာသင်နှစ်သည် စနစ်သစ်ဖြင့် ပထမဆုံးဖြေဆိုရမည် စာမေးပွဲဖြစ်သဖြင့် အောင်ချက်မြင့်မားရေးအတွက် ယခင် နှစ်ကထက် ပို၍ အားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးကြရန်လိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း သင်ကြားရေးလိုအပ်ချက်များ၊ ကျန်းမာရေး/ လုံခြုံရေးစောင့်ရှောက်မှုများ၊ သင်ကြားပို့ချပေးသွားမည့် ဆရာ/ ဆရာမများ၏ လိုအပ်ချက်များကိုလည်း ကြိုးစား၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ရန်ပုံငွေကျပ်သိန်း ၂၀၀ ကို ပြည်နယ်လူမှုရေးဝန်ကြီးထံပေးအပ်ခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက အောင်ချက်မြင့်မားရေးအတွက် ပညာရေးအထောက်အကူပြုအဖွဲ့ထံ အလှူရှင်များ၏ ရန်ပုံငွေများ ပေးအပ်လှူဒါန်းခဲ့မှုများကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်ဦးဆောင်၍ တက္ကသိုလ်မှ ဆရာ/ ဆရာမများက မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးကောင်းမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ အထက်တန်းပြဆရာ/ ဆရာမများအား သက်ဆိုင်ရာဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဉ်းနှင့်အညီ သင်ကြားနိုင်ရေး၊ မေးခွန်းဖြေဆိုမှုနှင့် သင်ကြားမှုပုံစံကို (၂)ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည်။
ထို့အပြင် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး အတွက်ပညာရေးမြင့်တင်မှုကော်မတီနှင့် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စုစုပေါင်းဖြေဆိုသူ (၉၅၃၃)ဦးတွင် အောင်မြင်သူ (၇၀၅၇)ဦးရှိခဲ့သဖြင့် တစ်နိုင်ငံလုံးဒုတိယအဆင့်ရရှိကြောင်း သိရှိရပြီး ယခု ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အ.ထ.ကနှင့် အ.ထ.က(ခွဲ)ကျောင်းပေါင်း ၂၀၁ ကျောင်းဖွင့်လှစ်သင်ကြားလျက်ရှိရာ တက္ကသိုလ်ဝင်တန်းတက် ရောက်ပညာသင်ကြားသူများမှုအနေဖြင့် အခြေခံပညာကျောင်းများတွင် (၄၁၀၀)ဦးကျော်၊ ကိုယ်ပိုင် အထက်တန်းကျောင်းများတွင် (၇၂၀)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၄၉၀၀)ဦးကျော်ရှိကြောင်း ပြည်နယ်ပညာရေးမှူးမှ သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)