ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အပြင်ထွက်လျှင် နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန် စစ်ဆေးဆောင်ရွက်

ကွမ်းခြံကုန်း အောက်တိုဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က မြို့မဈေးကြီးအတွင်းနှင့် လူအများသွားလာ ရာ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် နှာခေါင်းစည်း(Mask) တပ်ဆင်လာခြင်းမရှိသူများအား ဒဏ်ကြေးငွေ ပေးဆောင်စေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အလေးထားလိုက်နာ မှုရှိစေရန် နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအိမ်ပြင်ပ သွားလာနေသူများအား ခိုင်လုံသော အကြောင်းပြချက်မရှိပဲဘဲ သွားလာနေမှုများမဖြစ်စေ ရန် စစ်ဆေးမေးမြန်းခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိပါက သွားလာခွင့်မပြုခြင်း၊ အငှား မော်တော်ယာဉ်များ၊ ကိုယ်ပိုင်မော်တော်ယာဉ်များ‌ဖြင့် သွားလာနေသူများအား ရပ်တန့်စစ်ဆေး၍ သက်ဆိုင်ရာခရီးသွား ထောက်ခံချက်များအား ကြည့်ရှုစစ်‌ဆေးခြင်း၊ အပြင် ထွက်လာသူတိုင်းအား Mask တပ်ဆင်ထားခြင်းမရှိပါက ဒဏ်ကြေးငွေ(၂၀၀)ကျပ် ပေးဆောင်စေပြီး Mask တစ်ခုပေး၍ ချက်ချင်း တပ်ဆင်ပြီးမှ သွားလာစေခြင်းများကို စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြသည်။ မြို့နယ်အတွင်း ပြီးခဲ့သည့် စက်တင်ဘာ(၁၃)ရက်နေ့မှစ၍ ယခုအချိန်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ(၁၀၀)ကျော် တွေ့ရှိခဲ့ပြီး ()ဦးသေဆုံး၍ အသွားအလာကန့်သတ် စောင့်ကြည့်ထားသောနေရာ များတွင် ထားရှိသူ(၁၈၀)ကျော်ရှိကြောင်း သိရသည်။

ထွန်းထွန်းစိုး(ကွမ်းခြံကုန်း)