မော်လမြိုင် သြဂုတ် ၂၂
မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မွန်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်းကျင်းပသည့် ကျပန်းစကားပြောပြိုင်ပွဲကို သြဂုတ် ၂၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ကျင်းပရာ စာကြည့်တိုက်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ ဆရာမများ၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်းနှင့်ပက်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းစာရေးဆရာမကြီး ဒေါ်ပန်းနွယ်က ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားကာ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းနှင့် အထက်တန်းကျောင်း သူလေးများက ပြိုင်ပွဲ၀င်မည့် ခေါင်းစဉ်များအား မဲနှိုက်၍ ကျရာခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် မွန်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်အား သုတ၊ ရသစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား မော်လမြိုင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာကလည်းကောင်း၊ အထက်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား မွန်ပြည်နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးချိုချိုကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး ကျောင်းအကျိုးတော်ဆောင် ဦးလွင်မိုးက ပြိုင်ပွဲ၀င်ရောက်ကြသည့် ကျောင်းသူလေးများအား ဂုဏ်ပြုငွေများပေးအပ်ကာ ပြိုင်ပွဲဝင်ကျောင်းသူလေးများနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်