တာလေမြို့၌ ကျောင်းသား၊ ကျောင်းသူများအား Biometric Data ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေး

တာလေ ဩဂုတ် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ အသက်(၁၀)နှစ်နှင့်အထက်ရှိပြီး နိုင်ငံ သားစိစစ်ရေးကတ်ပြားရှိသည့် ကျောင်းသား၊ ကျောင်းသူများအား Biometric Data ကောက်ယူခြင်းနှင့် UID နံပတ်ထုတ်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့ နယ်၊ တာလေမြို့ရှေ့တန်းရုံး တာဝန်ခံ ဉီးမင်းစိုးနိုင်နှင့် ဝန်ထမ်းများက အသက်(၁၀)နှစ်နှင့်အထက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကွန်ပျူတာမှမတူညီသည့် ဂဏန်းဆယ်လုံး (Unique Identity)နံပါတ် ထုတ်ပေးနိုင်ရေးအတွက် Biometric  Data များ စိစစ်ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တာချီလိတ်မြို့နယ်ရုံးမှ မြို့နယ်ဉီးစီးမှူး ဉီးကျော်သက်နိုင်နှင့် တာဝန်ရှိသူတို့က လာရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ Biometric Data များ ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို တာလေမြို့အတွင်း ရှိ အသက်(၁၀)နှစ်နှင့်အထက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားရှိသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား သတ်မှတ်နေ့ရက်အလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး UID သည် နိုင်ငံသားဖြစ်ခြင်း/မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ နိုင်ငံအတွင်း အသက်(၁၀)နှစ်နှင့်အထက်ရှိသူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ရသူ (PR)နှင့် ပြည်တွင်းအမြဲနေ အခွန်ဆောင်နိုင်ငံခြားသားများအပါအဝင် နိုင်ငံအတွင်းနေထိုင်သူအားလုံးကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ UID နံပါတ်ကိုင်ဆောင်သူများအနက် နိုင်ငံသားများနှင့် နိုင်ငံသားဖြစ်ရန် အရည်အချင်းရှိသူများအား National ID (NID) Smart Card ထုတ်ပေးခြင်းကို နောက်တစ်ဆင့်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ “e-ID စနစ်ဖြင့် လူမှုစီးပွားဘဝ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ e-Government Application များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင်သက်သေခံကတ်နှင့် ယာဉ်မောင်းလိုင်စင်စသည့် ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ကမ်းစာစောင်များအရ သိရသည်။

ယဉ်ယဉ်ဝင်း (ပြန်/ဆက်)