ကျိုင်းတုံ ဩဂုတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရိစ္ဆာန်ရောဂါ ကာကွယ်၊ ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုဆိုင်ရာ ရက်သတ္တပတ်အထိမ်းအမှတ်အဖြစ် ဩဂုတ်လ ၂၀ ရက်နေ့ မွန်းလွဲ(၁)နာရီက ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ခိုင်မြဲစည်သူနှင့် ဝန်ထမ်းများက ကျိုင်းတုံမြို့နယ်အတွင်းရှိ တော်အံ့(၁)၊ ဝမ်ဆိုင်း၊ ဟိုနား(အောက်)ကျေးရွာများသို့ ကွင်းဆင်း၍ ကျေးရွာနေပြည်သူများသို့ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကျေးရွာများအတွင်းရှိ ကျွဲ၊ နွား(၄၅၀)ကောင်အား လည်ချောင်းကွဲ၊ ခွာနာ၊ လျှာနာ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း၊ ကျွဲ၊ နွားခြံများအတွင်း မီးခိုးမှိုင်းတိုက်ခြင်းဖြင့် အင်းဆက်ပိုးမွှားများ နှိမ်နင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ရောဂါစူးစမ်းထောက်လှမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိရစ္ဆာန်ရောဂါကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ လှုပ်ရှားမှုရက်သတ္တပတ်အဖြစ် ဩဂုတ်လ ၁၅ ရက်နေ့မှ ၃၀ ရက်နေ့အထိ မြို့နယ်အတွင်း မွေးမြူရေးခြံများတွင် ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးမှ သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)