မိုင်းရှူးမြို့၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းရှူး သြဂုတ် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း၊ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ရဲမှူးကျော်လင်းက ဒုတိယကမ္ဘာစစ်ပြီးကာလမှ ယနေ့အထိ မော်တော်ယာဉ်အသုံးပြုမှုအခြေအနေ၊ ယာဉ်တိုက်မှု၊ ယာဉ်မတော်တဆမှုများ ဖြစ်ပွားရခြင်း၏ အကြောင်းရင်း၊ ယာဉ်တိုက်မှုအပေါ် အရေးယူသည့် ရာဇသတ်ကြီးဉပဒေနှင့် ပြစ်ဒဏ်များ၊ လမ်းအန္တရာယ်ကင်းစင်ရေး အဓိကမဏ္ဍိုင် (၅)ရပ်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှု၊ ယာဉ်မ‌တော်တဆဖြစ်စဉ်များ၊ လမ်းညွှန်းအမှတ်အသားများ၊ အန္တရာယ်သတိပေးလမ်းညွှန်များ၊ တားမြစ်ခြင်းနှင့် ကန့်သတ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်မှုများ၊ ယာဉ်စည်းကမ်းလမ်းစည်းများနှင့်ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန်နှင့် ပြစ်ဒဏ်များအကြောင်း ဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာများ၊ ယာဉ်စည်းကမ်းလမ်းစည်းဆိုင်ရာများနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး ဓါတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးတို့က စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။      

သန်းလူ(ပြန်/ဆက်)