သထုံခရိုင်၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန၌ အိမ်တွင်းသက်မွေး သင်တန်းဖွင့်လှစ်

သထုံ ဩဂုတ် ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးများအသင်း (Woman Club) တို့ပူးပေါင်း၍ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုအပိုဝင်ငွေ ရရှိစေရေးအတွက် အဝတ်တံမြက်စည်းပြုလုပ်နည်း အိမ်တွင်သက်မွေးသင်တန်းကို ယမန်နေ့ နံနက်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက သင်တန်းဖွင့်လှစ် ပေးရခြင်း၏ ရည်ရွက်ချက်ကို ရှင်းလင်းအမှာစကားပြောကြားပြီး သင်တန်းအား ဖွင့်လှစ်ပေးခဲ့သည်။

သင်တန်းတွင် မြို့နယ်အမျိုးသမီးများအသင်း (Woman Club) မှ နည်းပြ ဒေါ်အိအိချောက စွန့်ပစ်အဝတ်စများအား အဝတ်တံမြက်စည်း အသုံးပြုနိုင်ရေး စနစ်တကျညှပ်ခြင်း၊ အဝတ်စများကြိုးသီခြင်း၊ တံမြက်စည်းရိုး ရွေးချယ်ဖြတ်တောက်ခြင်း၊ အဝတ်နှင့် တံမြက်စည်းရိုးအား ခိုင်မာအောင်တွဲဆက်ခြင်းစသည့် အဝတ်တံမြက်စည်းတစ်ချောင်း ပြုလုပ်ပုံတို့ကို စနစ်တကျ ရှင်းလင်းသင်ကြားရာ တက်ရောက်လာသည့် အမျိုးသမီးများက စိတ်ပါဝင်စားစွာဖြင့် လက်တွေ့သင်ယူ လေ့လာခဲ့ကြသည်။

အဆိုပါသင်တန်းကို တစ်ရက်ကြာပြုလုပ်ခဲ့ပြီး သထုံမြို့နယ် အမျိုးသမီးများအသင်း (Woman Club) မှ အဖွဲ့ဝင် (၁၂) ဦးတို့ တက်ရောက်လေ့လာ သင်ကြားခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်