မြစ်သား သြဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်(အ.ထ.က)မြစ်သားကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်လေးများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၉)နာရီက ကျန်စစ်သားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးဘိုဘိုအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး(တာဝန်ခံ)ဒေါ်နှင်းရည်မှ လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဗလငါးတန်နဲ့ပြည့်စုံပြီးအသိပညာဗဟုသုတများရရှိစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ လူငယ်အချင်းချင်းပူပေါင်းဆောင်ရွက်တတ်ပြီး လူအများရှေ့၌စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်လူကောင်းများပေါ်ထွန်းလာပြီး အနာဂတ်နိုင်ငံတော်ကိုဦးဆောင်မည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်းကိုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍(အ.ထ.က) မြစ်သားကျောင်းအုပ်ဆရာမကြီးဒေါ်အေးသီတာက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို Moderator အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာအောင်ကဦးဆောင်ပြီး Grade-8 ကျောင်းသားမောင်ဝေယံရဲရင့်က လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မခင်ရတီကလူငယ်နှင့်ယဥ်ကျေးမှုခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသား မောင်မျိုးမင်းခန့်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade–8 ကျောင်းသူမယွန်းဟန်နီဇော်ကလူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ ကြရာတက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများကလည်း အပြန်အလှန်သိလိုသောမေးခွန်းများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁)ဗိုလ်မှူးဘိုဘိုအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးရှိန်းသူ၊ မြို့နယ်ပညာရေးမှူး၊ (အ.ထ.က)မြစ်သား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ စုစုပေါင်းအင်အား(၃၀၀)ဦးခန့်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)