သိန္နီမြို့၌ မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

သိန္နီ သြဂုတ် ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်၊ သိန္နီမြို့တွင် မူးယစ်ဆေးဝါးနှင့်လူကုန်ကူးမှုအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က  အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မိုင်းလီ၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ ဒုမြို့နယ်ပညာရေးမှူး ဦးကျော်​ဇေယျက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လားရှိုးမြို့ အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ်အောင်ဇော်မိုးက မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများ၊ သုံးစွဲသူတို့၏ သွင်ပြင်လက္ခဏာများ၊ မိသားစုလူမှုရေးဆိုးကျိုးများနှင့် တားဆီးရေးနည်းဗျုဟာ (၃)ရပ် စသည့် အကြောင်းအရာများ ပြောကြားခဲ့သည်။ ဆက်လက်၍ လူကုန်ကူးမှုကာကွယ်တားဆီးရေး ရဲတပ်ဖွဲ့မှ ရဲအုပ် ဇာနည်မျိုးက လူကုန်ကူးမှု ဉပဒေဆိုင်ရာ ဖွင့်ဆိုချက်၊ လူကုန်ကူးမှုဖြစ်ပွားစေသော အဓိကအကြောင်းအရင်းများ၊ လူကုန်ကူးရာတွင် အသုံးပြုလေ့ရှိသော နည်းလမ်းများ၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အမျိုးအစားများ၊ လူကုန်ကူးမှုအဆင့်များ၊ ပြစ်ဒဏ်များအား ရှင်းလင်းပြောကြားပြီး အထက(ခွဲ)မိုင်းလီကျောင်းအုပ်ဆရာမကြီးမှ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးသားကောင်များ မဖြစ်စေရန်နှင့် လိမ်လည်မှုများကြောင့် လူကုန်ကူးမှုမဖြစ်ပေါ်စေရန် စသည့် အသိပညာများကို ဟောပြောပေးကြသော တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများအား လူကုန်ကူးမှုကာကွယ်တားဆီးရေး အသိပညာပေးလက်ကမ်းစာစောင်များကို တာဝန်ရှိသူများက ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မိုင်းလီမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)