ညောင်ဦး ဩဂုတ် ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပလင်းကျေးရွာ၌ စက်ဖြင့်ရိုက်နှိပ်သည့် အရည်အသွေးကောင်း စက်ရိုက်အုတ်နီများ ထုတ်လုပ်ရောင်းချနေကြောင်း ဇော်ညီ အကိုစက်ရိုက်အုတ်လုပ်ငန်းလုပ်ကိုင်သည့် မိသားစုထံမှသိရသည်။
အဆိုပါ စက်ရိုက်အုတ်နီများအား (၁၂)နှစ်လုံးချလှီးဖြတ်စက်ဖြင့် လှီးဖြတ်ကာ (၁၂) နှစ်လုံးဆံ့ ပျဉ်ပြားဖြင့်ခံယူပြီး နေလှန်းသည့်နေရာသို့ လက်တွန်းလှည်းဖြင့်ပို့ရကြောင်း၊ အုပ်ရိုက်နှိပ်ရန်အတွက် ကန်မြေများဝယ်ယူစုဆောင်းထားကြောင်း၊ ကန်မြေသား ဖောကားတစ်စီးလျှင် နှစ်သောင်းကျပ်ပေးရကြောင်း၊ မြေသားများ အစိုဓာတ်ဖြစ်စေရန် ရေဖျန်းပေးထားရပြီး အုတ်ရိုက်စက်ဇလားထဲသို့ထည့်ပေးရကြောင်း၊ စက်ဖြင့်မြေသားမွချေခြင်းဖြစ်သည့်အတွက် မြေသားညက်ကာ သိပ်သည်းမှုအားကောင်းသဖြင့် အရည်အသွေးပိုမိုကောင်းကြောင်း၊ ထုတ်လုပ်သည့်အုတ်များအား အလျား (၉) လက်မ၊ ထု (၃) လက်မတစ်မျိုးထဲသာ ထုတ်လုပ်ရောင်းချကြောင်းသိရသည်။
နှစ်ရက် သုံးရက် နေလှန်းပြီး မီးဖုတ်ပြီးပါက ရောင်းတန်းဝင်အုတ်အဖြစ် ရောက်ရှိကာ စက်ရိုက်အုတ်နီခဲတစ်ခုလျှင် အများဈေး (၁၆၀) ကျပ်ဖြင့်ရောင်းချကြောင်း၊ အဆိုပါစက်ဖြင့် တစ်နာရီလျှင် အုတ်ရေ (၃၀၀၀)ခန့်ထုတ်လုပ်နိုင်ပြီး အုတ်လုပ်သားများလည်း အယောက် (၃၀)လောက် နေ့စဉ်အလုပ်ပေးထားနိုင်ကြောင်း၊ လုပ်အားခအနေဖြင့် အုတ်ခဲတစ်လုံး (၅၀) ကျပ်ပေးရကာ အုတ်ထွက်သည့်အပေါ်မူတည်ပြီး ကျသင့်ငွေရှင်းပေးရကြောင်း၊ စက်ရိုက်အုတ်ထုတ်လုပ်ရောင်းချခြင်းကြောင့် ကျေးရွာထဲရှိ ကျေးရွာသူ/သားများ အလုပ်အကိုင်ပေးထားနိုင်ကာ အုတ်လုပ်ငန်းရှင်လည်းအဆင်ပြေကြကြောင်း၊ အနောက်ပုလင်းကျေးရွာတွင် စက်ရိုက်အုတ်၊ လက်ရိုက်အုတ် နှစ်မျိုးလုံးထုတ်လုပ်ရောင်းချလျက် ရှိကြောင်း သိရသည်။
ဒီပါလင်း